သက္ကရာဇ် ၇၂၆ခုနှစ်တွင် အထက် တကောင်းမင်းရိုးဖြစ်သော သတိုးမင်းဖျားသည် စစ်သည်တော် အလုံးအရင်းနှင့် ရတနာပူရ အဝ ရွှေနန်းကို တည်ထောင်ဖန်ဆန်း ကြငှန်းဖွင့်တော်မူသည်။ ထိုသတိုးမင်းဖျား လွန်ပြီး နောက် မင်းကြီးစွာစော်ကဲ လက်ထက်သို့ရောက်သောအခါ -
မှတ်လော့ဗိုလ်ပါ၊ သာသနာစည်ရှည်၊ မြန်မာပြည်ကို၊ မူသည်မင်းတို့၊ ကွယ်ခြင်းထပြီ၊ မညီမညွတ်၊ ဖြစ်လတ်ချောက်ချား၊ ပျက်စီးများရကား၊ သိကြား နတ်မင်းစသည်၊ သာသနာကို ချီးပင့်နိုင်အံ့ သသူတို့ကို ကြည့်လတ်သောတည်း၊ ခန်းတရုတ်မင်းကြီးကို ထိုးဘက်မူ နိုင်ထသော သီဟသူရမည်သော ဆင်ဖြူသ္ခိင် မင်းကြီး၏
အစချီမှတ်သားဖွယ်ကောင်းသော ကျောက်စာတစ်ရပ်ကို တွေ့ရသည်။ ထိုကျောက်စာမှာ လင်္ကာ စကားပြေ နှစ်ထွေရောစပ် ရေးသားထားသည့်အပြင် “သီဟဇီဝှါ ၊ ခြင်္သေ့လျှာသို့” ဟူ၍လည်းကောင်း၊ “စုလစ်ဖျားကား၊ ငှက်သားလည်းကောင်း၊ ဥဒေါင်းတွန်သို့” ဟူ၍လည်းကောင်း ကောင်းမွန်သော ဥပမာတို့ဖြင့် တန်ဆာဆင်ကာ ရေးသားထားလေသည်။ ဤမျှမကသေး ဗိသုကာအခေါ်အဝေါ်နှင့် စပ်လျဉ်းသည့် စကားဝေါဟာရ အများအပြားပါရှိသောကြောင့်လည်း ဖတ်ရှု့သူတို့အား ဗဟုသုတ ပွားများစေလေသည်။ ဤသို့ ကျောက်သားပေါ်တွင် မှတ်သားဖွယ် ကောင်းသည့် အကြောင်းအရာ များကို လင်္ကာ စကာပြေဖြင့် စီကုံးထားသည်ကို ထောက်ရှု့ သော် ထိုကျောက်စာထက် အနည်းငယ်မျှ စောသော ပင်းယခေတ်ဆုံးလုနီးတွင် စတုရင်္ဂဗလအမတ်သည် မိမိ၏ ရတုကို ကျောက်ပေါ်တွင် မဟုတ်ဘဲ ပေပေါ်၌သာ ရေရိုးရှိ၍ ရေးသားခဲ့သည်ဟူသောအချက်မှာ ယုံမှားဖွယ် မရှိချေ။