ရတုသည် လင်္ကာမှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ပင်ဖြစ်သည်။ သို့သော် လင်္ကာကဲ့သို့ မဟုတ်မူ၍ ဖွဲ့ဆိုရာ၌ စည်းစနစ်ဥပဒေရှိ၏။ လင်္ကာ၌ ပုဒ်ရေပေါင်း ဖွဲ့လိုသမျှ ဖွဲ့ဆိုနိုင်သည်။ အဖျားချတွင်လည်း စာလုံးရေ အကန့်အသတ်မရှိ။ ရတုတွင်ကား တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ်ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပိုမို၍လည်း မဖွဲ့နွဲ့ကြချေ။ တစ်ပိုဒ်တစ်ပိုဒ်တွင်လည်း ပဒေအရေအတွက်အားဖြင့် ၁ဝ၈ပဒထက်ပို၍ မဖွဲ့နွဲ့ကြချေ။ အဖျားချတွင်လည်း ခိုင်ညွှန့်ခက်ဖြာ ၇ လုံး၊ မဏိ ဆံကျင် ၉ လုံး၊ အာသာဝတီဝတ်ဆံ ၁၁ လုံး၊ မဏိဦးပြည်း ၁၅လုံး၊ ဇော်တစ်ခိုင်လုံး ၁၉လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် သီးသန့်ထားလျက် ရှိသည်။
ရတုဟူသည် သက္ကတဘာသာ ရိတုမှ ပျက်လာသော ရတုလည်း ရှိသည်။ မြန်မာဘာသာ ပေါရာဏ
သက်သက် ရတုလည်း ရှိသည်။ သက္ကတဘာသာရိတုမှာ အခါရာသီအနက်ရ၏။ မြန်မာဘာသာ ရတုမှာ သဘင်ဟူသောအနက် ၊ အခမ်းအနားဟူသော အနက်၊ အခြေအနေဟူသော အနက်၊ သုံးမျိုးရသည်။ ဤသို့ ဌာနအားဖြင့် သုံးစားကွဲပြားလျက်ရှိရာ အကြင်အဖွဲ့ တစ်ခုသည် အများနှင့် စပ်ဆိုင်လျှင် ထိုအဖွဲ့မျိုးမှာ သဘင်အနက်ရ၏။ အများနှင့်မစပ်ဆိုင်ဘဲ တစ်ဦးတစ်ယောက်တည်း အတွက်သာ စပ်ဆိုလျှင် အခမ်းအနား၊ ပကတိဖြစ်ထွန်းနေသည့် သဘာဝဓမ္မအခြေအနေများကိုပြလျှင် အခြေအနေသဘောပေါက်ရောက်သည်ဟု ယူဆ ကြ၏။
ပင်းယ ကောင်းစားသော ခေတ်တွင် တျာချင်း၊ ကာချင်းနှင့် ရတုများ မှတစ်ပါး အခြားလင်္ကာကဗျာ များကို မတွေ့ရသေးချေ။ ယင်းသို့ အလင်္ကာ တစ်စုံတစ်ခုကို မတွေ့ရခြင်းကြောင့်လည်း ထိုခေတ်၌ မရေးသားကြဟု မယူဆအပ်ပေ။ အကြောင်းမူကား စတုရင်္ဂဗလ အမတ်ကြီး၏ ရတုကဲ့သို့ နက်နဲသော ရတုကိုပင် ရေးသား နိုင်ပါလျက် အဘယ်ကြောင့် လင်္ကာကို မရေးနိုင်ဘဲ ရှိပါအံ့နည်း။ မုချ ရေးသားနိုင်ကြပေလိမ့်မည်။ ထိုရေးသားခဲ့သော လင်္ကာတို့သည် ထီးပြောင်းနန်းလွဲခြင်းကြောင့် သော်လည်းကောင်း၊ နှစ်ကာလပရိစ္ဆေဒ ကြာမြင့်ခြင်းကြောင့် သော်လည်းကောင်း ပျောက်ပျက်ကုန် ဟန်တူသည်ဟု တွေးတောရာ၏။
ရတုအရေးအသားအပြင် ပင်းယခေတ်၌ ကျောက်စာမျာကိုလည်း ရေးသားစိုက်ထူကြလေသည်။ ပုဂံ ခေတ်ကပင်လျှင် စကားပြေရေးသားခြင်းသည် များပြားခဲ့သဖြင့် ယခုပင်းယခေတ်တွင် ဆက်လက် ရေးသားသည့်အတွက် တစ်စထက်တစ်စ တိုးတက်လာသည်မှာ ယုံမှားဖွယ် မရှိချေ။ အကြောင်းတစ်ရပ်မှာလည်း စကားပြေထက် ခက်ခဲသောရတုကိုပင် ကောင်းမွန်စွာ ရေးသားနိုင်ခြင်းကို ထောက်ထားခြင်းအားဖြင့် မြန်မာစကား ဝေါဟာရများကို တစ်စထက်တစ်စ နိုင်နိုင်နင်းနင်း ရေးသား ပေလိမ့်မည်ဟု ယူဆဖွယ်ဖြစ်သည်။ ထိုခေတ်ရှိ ကျောက်စာတို့သည် အကြောင်းအရာအားဖြင့် ပုဂံခေတ်ရှိ ကျောက်စာများနှင့် မခြားနားကြ။ အများအားဖြင့် တူညီကြသည်။ ကျောင်း၊ ကန်၊ ဘုရား လှူကြောင်း၊ ကျေးကျွန်လယ်မြေ လှူကြောင်းများကို ထည့်သွင်း ရေးသားထားသည်။ ဥဇနာမင်း လက်ထက် သက္ကရာဇ် ၇ဝ၂ ခုနှစ်တွင် ဂူတည်၍ မြေလှူကြောင်းကို ကျောက်ထက်အက္ခရာ တင်ထားခဲ့၏။ ပင်းယ ကျော်စွာငယ် လက်ထက် သက္ကရာဇ် ၇၂၁ခုနှစ်တွင် ဘုရားကျောင်းကန် များကို တည်ထားဆောက်လုပ်၍ လယ်မြေများ လှူကြောင်းကို ကျောက်စာထိုးခဲ့၏။
နမော ဗုဒ္ဓါယ သိရိတြိဘဝနာဒိတျ ပဝရဓမ္မရာဇာ သီဟသုရမည်သော ဆင်ဖြူငါးစီး အသိခင်သား ဖြစ်ထသော ဖုန်းတန်ခိုဝ်း အသရေနှင့်ပြည့်စုံစွာသော ကျော်စွာမင်းကြီးသည် သူရဲများတွင် ငကာသည်ဟု မှတ်တော်မူသော ဟိန်စော်သူကြီး စတ္တလင်္ကသူသည် ရတနာသုံးပါနှိုက် နှလုံးသဒ္ဓါကြည်ညိုဝ်စစွာ ဖြစ်ရုယ်ဟိန်စေနှိုက် ဖွတ်စာတီ၊ ပင်းယနှိုက်ကား ကျောင်းရွှေဖုရား ၃ဆူ ပြုလစ်ရုယ် ကျော်စွာမင်းကြီးကိုဝ် မြင်းခွာဖြူ ၁စီး၊ ခြပ် ၁လုံး၊ လက်ဆောင်တော်ဆက်ရုယ်
စသည်ဖြင့် ရေးသားထားသည်ကို ထောက်ရှုသော် ဝါကျရှည်များကို ရေးသားလာကြောင်းကို တွေ့ရသည်။ နာမဝိသေသနပုဒ်များကို ဆင့်ကာထပ်ကာ သုံးထား၏။ “နှလုံးသဒ္ဓါ ကြည်ညိုဝ်စစွာ ဖြစ်ရုယ်” ဟူသော စကားသည် များစွာ သုံးနှုန်းပုံကောင်းသော စကားဖြစ်၏။ ပင်းယခေတ်တွင် ကျောက်စာ အများအပြားရှိသည်ဖြစ်ရာ ထိုကျောက်စာတို့ကို အကျယ်ဖော်ပြပါက များစွာ ရှည်နေ ပေလိမ့်မည်။ သို့ရာတွင် ပုဂံခေတ်ရှိ ကျောက်စာအရေအတွက်ကို ပင်းယခေတ်ရှိ ကျောက်စာ အရေအတွက်နှင့် နှိုင်းစာခဲ့ပါလျှင် ပုဂံခေတ်က အလွန်တရာ ပိုမိုများများကြောင်းကို တွေ့ရသည်။ ဤကဲ့သို့ အရေအတွက် နည်းသည့်အတွက် တစ်စုံတစ်ရာ အပြစ်ဆိုဖွယ်ရာ မရှိချေ။ ပင်းယကောင်းစားသောခေတ်သည် ပုဂံကောင်းစားသောခေတ်၏ သုံးပုံတစ်ပုံမျှသာ ကြာမြင့်သည်။ ကြီးစိုးသော မင်းတို့သည်လည်း ရှမ်းမင်းတို့ ဖြစ်ကြ၍ ဤမျှလောက်သော ကျောက်စာများကို တွေ့ရှိရခြင်းသည်ပင် ဝမ်းမြောက်ဖွယ်ဖြစ်သတည်း။