Tuesday, July 30, 2013

၂။ ပင်းယခေတ်

ပုဂံပြည်သည် နောက်ပိုင်းတွင် တဖြည်းဖြည်းတစ်စတစ်စ အရှိန်တန်ခိုးမှိန်ညှိုးလျက်လာ၏။ သက္ကရာဇ် ၆၆ဝခုနှစ်လောက်တွင်မူကား ပုဂံပြည်ကြီးသည် ပြည်တွင်းရေးရာ မငြိမ်မသက် ဝါးအစည်းပြေသကဲ့သို့ ကစဥ့်ကလျားပျက်ပြားသည့် အခြေသို့တိုင် ရောက်လေ၏။ ကျော်စွာဘုရင်ကို ရှမ်းညီနောင် သုံးဦးတို့က နန်းချကွပ်မျက်လျက် မြန်မာပြည်၏ ဦးစွန်းမကိုဋ်ကို  ကိုယ်ပိုင် သိမ်းယူကြ၏။ ပုဂံပြည်တွင် ထီးနန်းမစိုက်တော့ဘဲ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းတွင် အဆက်ဆက်စိုးစံကြ၏။ သို့ဖြစ်သောကြောင့် ပုဂံပျက်စီးသည်မှ အင်းဝ တည်ထောင်သည့်အတွင်း ရှမ်းတို့ထွန်းကားသော နှစ်ပေါင်း ၆၆ နှစ်ခန့်မျှကို စာပေသမိုင်းအားဖြင့် ပင်းယ ကောင်းစားသည့်ခေတ်ဟူ၍ ခေါ်ဆိုသင့်၏။ ထိုပင်းယ ကောင်းစားသောခေတ်တွင် မြန်မာစာပေ၏ အခြေအနေကို ကြည့်ရှု့ပါလျှင် ဖွဲ့ပုံနည်း တိုးတက်လာကြောင်းကို ထင်ရှားစွာ သိသာနိုင်သည်။ ထိုခေတ်တွင် တျာဘွဲ့ သီချင်း၊ ကာချင်းနှင့် ရတု အရေးအသားများကို တွေ့ရှိရသည်။ ဂီတဘက်က လိုက်စားလာကြောင်း ထင်ရှားပေ၏။ သက္ကရာဇ် ၆၇၄ခုနှစ်တွင် ပင်းယ၌ နန်းတက်သော သီဟသူ လက်ထက်တွင် အမည်မသိ ပုဂ္ဂိုလ်ရေးသား သည့်     “ခါးပတ်တော်မှာ ရွှေချည်စုံ၊ မှိုင်းလုံးရွှေဝတ်လုံ၊ မလုံသာ ချမ်းအေး” အစရှိသော ကာချင်းသည် ရှေးပင်းယခေတ်တွင် အချို့သူတို့ ဝတ်ပုံဆင်ပုံ၊ ပြုမူသွားလာပုံကို ဖော်ပြထားသော သီချင်းဖြစ်သည်။ သက္ကရာဇ် ၇ဝ၄ခုနှစ်တွင် နန်းတက်သော မြင်စိုင်းငါးစီးရှင်ကိုယ်တိုင်က ဆိုသည့် "တာဝတိံသာ၊ နတ်ရွာလော၊ နတ် ရွာလော " အစချီသော ကာချင်းမှာ တိုတိုတုတ်တုတ် စပ်ဆို၍ထား၏။ ရာသီပန်းမန်နှင့် မြို့ပြ၏ အခြေအနေ ကို စပ်ဆိုသော အကြောင်းအရာများလည်း ပါရှိ၏။ ဤကာချင်းအပြင် သက္ကရာဇ် ၇ဝဝ ကျော်လောက်တွင် စတုရင်္ဂဗလအမတ်ကြီး ရေးသား သောရတုလည်း ရှိသေး၏။ ထိုရတုသည် ပေါက္ကံဆရာတော် သို့မဟုတ် ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော်အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာ ရတုဖြစ်၏။ ပေါက္ကံဆရာတော်က တစ်ဖတ်ပြန်၍ အဖြေရတု များကိုလည်း ရေးသားခဲ့သည်။ မြန်မာစာပေသည် မည်ကဲ့သို့သော အခြေအနေသို့တိုင် ရောက်ပြီကို သေချာစွာ သိသာနိုင်စေခြင်းမှာ စတုရင်္ဂဗလ အမတ်ကြီး ရေးသားသော ရတုကို ကောင်းစွာကြည့်ရှု့ဆင်ခြင် အပ်ပေသည်။