Saturday, July 27, 2013

နိဒါန်း

သမိုင်းဟူသည် ရှေးရှေးက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စုပေါင်း၍ စကားပြေဖြင့်ဖြစ်စေ၊ လင်္ကာဖြင့်ဖြစ်စေ ရေးသားထားသည့် စာပေများ၏အမည် ဖြစ်သည်။ ဤသို့ဖြစ်သည်ကိုထောက်လျှင် ကျွန်ုပ်တို့ လက်ထက်မတိုင်မီက ပေါ်ပေါက်ထွန်းကားခဲ့သော မြန်မာစာစု၊ မြန်မာမှုများကို အစီအစဉ် နှင့်တကွ ဖော်ပြအပ်သော ဤစာအုပ်ကိုလည်း “မြန်မာစာပေသမိုင်း’’ ဟူသော အမည်ကိုပေးရန် အသင့်လျော်ဆုံးဖြစ်သည်ဟု ထင်မြင်မိ၏။

စင်စစ်အားဖြင့် ဤစာအုပ်သည် မြန်မာစာပေ၊ ရာဇဝင်ချုပ်ကလေးပင် ဖြစ်၏။ အဘယ်ကြောင့်ဟုမူ  ပုဂံခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ် စသည်ဖြင့် ရာဇဝင်ကျမ်းများ၌ပိုင်းခြားသကဲ့သို့ ဤစာအုပ်တွင်လည်း ခေတ်အပိုင်းအခြား အစီအစဉ်ဖြင့် တစ်ခေတ်တစ်ခေတ်အတွင်း ထင်ရှား ကျော်စောသော စာဆိုတော်များနှင့် ထိုပုဂ္ဂိုလ်တို့၏ ထူးခြားသော အကြောင်းများကို ဖော်ပြရုံမျှမက ဝေဖန်သင့်သည့်နေရာ၌ ဝေဖန်၍၊ ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ်ပြသင့်သည့် နေရာ၌လည်း ဥာဏ်မီသလောက် နှိုင်းယှဉ်၍ ပြထားသောကြောင့်ဖြစ်၏။ ရာဇဝင်ကျမ်းကိုပြုစုရာ၌ သေးသိမ် မှေးမှိန်သော အကြောင်းအရာများ၊ အလေးဂရုမပြုထိုက်သော အဖြစ်အပျက်များကို တမင်သက်သက် ချန်လှပ်ထားခဲ့ပြီးလျှင် အရေးပါအရာရောက်၍ ဥဒါန်းတွင်ရစ်လောက်သော အကြောင်းအရာ များကိုသာ ရွေးချယ်စိစစ်ပြုစုသည့် နည်းတူ ကျွန်ုပ်သည်လည်း ရာဇဝင်နှင့်တူသော ဤ မြန်မာစာပေသမိုင်းတွင် အထူးဂရုပြု၍ မှတ်သားလောက်သောကျမ်းများနှင့် ထင်ရှားကျော်စောသော စာဆိုတော်များကိုသာရွေး ချယ်စိစစ်ရေးသားဖော်ပြ၍ ရှေးရှေးအခါကပင် ကျော်စောခဲ့ဟန်မတူသော ပုဂ္ဂိုလ် တို့နှင့် ကျမ်းများကိုကား တမင်သက်သက်ချန်လှပ်၍ ထားခဲ့ပါသည်။
ဤစာအုပ်ငယ်ကလေးတွင် ရှေးရှေးက ပေါ်ထွန်းခဲ့သမျှသော စာဆိုပုဂ္ဂိုလ် ဟူသမျှနှင့် ထိုပုဂ္ဂိုလ်တို့၏
ကျမ်းများကို ဝေဖန်၍ပြရန်ကား လွယ်ကူသည်မဟုတ်။ ထို့ကြောင့် မည်သည့်ပုဂ္ဂိုလ်ကို ချန်ထားခဲ့သည်။ မည်သည့်ကျမ်းကား ကျန်ခဲ့ပြီစသည်ဖြင့် စောဒက မတက်သင့်ပေ။ အဘယ်ကြောင့်ဟူမူ မြန်မာစာပေသည် လွန်စွာနက်ကျယ် လှသည့်အတွက် ခရားစေ့တွင်းကျ အားလုံးသော စာဆိုပုဂ္ဂိုလ်တို့နှင့် စာပေဟူသမျှတို့ကို ဤစာအုပ်တစ်အုပ်တည်းတွင် ရေးသားဖော်ပြခြင်းငှာ ဖြစ်နိုင်ဖွယ်ရာ အကြောင်းမရှိသောကြောင့်ပေတည်း။ ဤစာအုပ်သည် အထူးသဖြင့် ကျောင်းသားသူငယ်များအဖို့ မြန်မာစာပေ၏ အရသာပေါ်နိုင်စေရုံလောက် ကိုသာ ရည်မှန်းရေးသား ပြုစုသောကျမ်းဖြစ်သောကြောင့် အကြောင်းအရာ မစုံလင်နိုင်ပေ။ မြန်မာစာပေတွင် တွေ့ရှိရသမျှ  အကြောင်းအရာများကို စုံလင်အောင် စုပေါင်းသိုသိပ်၍ ရေးသားပြန်ပါကလည်း ကျမ်းစာအုပ် အလွန်ကြီးမားသွားမည်ဖြစ်၍ သင်ကြားဖတ်ရှု့လိုသူတို့အတွက် ခက်ခဲဝန်လေးနေခြင်း၊ သင်ကြားဖတ်ရှုကြပါ သော်လည်း ငါးသိုင်းများဟင်းဟုံ ဆိုဘိသကဲ့သို့ အရေးကြီးသောအချက်များကို စေ့စေ့စပ်စပ်မှတ်သား ဂရုမပြုနိုင်ဘဲ စာ၏အရသာပေါ့ပြက်သွားခြင်း ရှိကြမည်ကို စိုးရိမ်ဖွယ်ရှိ၏။

သင်ကြားဖတ်ရှုလိုသူတို့ လွယ်ကူစေရန် မကျဉ်းမကျယ် ရေးသားရာမှာလည်း ကျွန်ုပ်တို့ နေ့စဉ်စား သောက်သော အစားအစာများတွင် အချို၊အချဉ်၊အဖန်အခါး စသောအရသာများကို ရောနှော၍ သုံးဆောင် ပါလျှင် အဘယ်အရသာဟူ၍ မည်မည်ရရမရှိ။ ပေါ့ပြက်ပြက် ဖြစ်သွားဘိသကဲ့သို့ စာပေတွင်လည်း အမျိုးမျိုး ရောနှောထားပါက စာဖတ်သူတို့သည် မည်မည်ရရ မည်သည့်အရသာကို ခံစားနိုင်ကြမည် မဟုတ်ပေရာ။ ထို့ကြောင့် စာပေ၏အရသာကို လိုရာရွေးကောက် ထုတ်နုတ်၍ သုံးစွဲနိုင်ကြစေခြင်းငှာ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ပထမ ကုန်းဘောင်ခေတ်၊ ဒုတိယ ကုန်းဘောင်ခေတ်ဟူ၍ ခေတ်အပိုင်းအခြားဖြင့် သတ်မှတ်ကာ အရသာအမျိုးမျိုးတို့ကို ခွဲခြားစိတ်ဖြာ၍ ပြထားပါ၏။

ဤသို့ခေတ်အပိုင်းအခြားအားဖြင့် သတ်မှတ်သည်ဆိုသော်လည်း ရာဇဝင်ကျမ်းများတွင် သတ်မှတ် သကဲ့သို့ နန်းစဉ်နန်းဆက် မင်းပြောင်းမင်းလွဲကိုလိုက်၍ ခေတ်အတိုင်း မခွဲခြားမသတ်မှတ်ဘဲ စာပေ၏ရာဇဝင် ဖြစ်သည့်အားလျော်စွာ စာပေထွန်းပေါ်သည့် အခြေအနေသို့ လိုက်၍သာခေတ်ကို ခွဲခြားသတ်မှတ် သင့်၏။ ဤ အရာ၌အင်းဝမြို့ကိုတကောင်းမင်းရိုး သတိုးမင်းဖျား တည်ထောင်သည့် သက္ကရာဇ် ၇၂၆ မှစသော အင်းဝခေတ် သည် ရှမ်းသိုဟန်ဘွား သားအဖတို့ဖျက်၍ အင်းဝ ပျက်စီးရသော သက္ကရာဇ် ၈၈၈ ခုနှစ်တွင် အဆုံးမသတ် သင့်ပေ။ အဘယ့်ကြောင့်ဟူမူ သက္ကရာဇ်၈၈၈ခုနှစ်တွင် အင်းဝပျက်သော်လည်း မြန်မာစာပေ၏ အရှိန်သည် ကား မသတ်သေး။ သက္ကရာဇ် ၉ဝဝ ကျော်၊ ၉၁၅ခုနှစ်ခန့်တိုင်အောင် အင်းဝမြို့တဝိုက်၌ အင်းဝစာဆိုများပေါ် ထွန်းလျက် ရှိနေကြသေးသောကြောင့်ပင်တည်း။ ထိုအခါတွင် လွန်စွာကျော်စောသော အင်းဝ ရှင်အဂ္ဂသမာဓိ နှင့် ရှင်ဣန္ဒဂုတ္တ စာဆိုတို့သည် သက္ကရာဇ် ၉ဝဝကျော်မှ  စာဆိုကြ၏။ ထို့ပြင်လည်း အမျိုးသမီး စာဆိုများဖြစ် ကြသော အင်းဝမိဖြူ၊ ရခိုင်မိညိုတို့သည်လည်း သက္ကရာဇ်၉ဝဝကျော်မှ စာဆိုကြ၏။ ဤသည်ကို ထောက်၍ ထိုစာဆိုတို့ကို စာပေအပိုင်းအခြားအားဖြင့် အင်းဝခေတ်တွင် ထည့်သွင်း လိုက်ရပါသည်။

ကုန်းဘောင်ခေတ်ကို နှစ်ပိုင်းခွဲခြား မှတ်သားရခြင်းကား ကုန်းဘောင်ခေတ်ကြီးတွင်မြန်မာစာပေသည် လွန်စွာထွန်းကားပြီးလျှင် ကျမ်းတစ်ခုနှင့်တစ်ခုမှာလည်း ဆင်တူယိုးမှား များပြားပြည့်စုံလျှက် ရှိနေ သောကြောင့်  ရောယှက်ရှုပ်ထွေးခြင်း မရှိစေရန်အတွက်ဖြစ်၏။ ဤစာအုပ်၏ အဆုံးဖြစ်သော ဒုတိယ ကုန်းဘောင်ခေတ်ကို သီပေါမင်းနန်းကျသော သက္ကရာဇ်၁၂၄၇ခုနှစ်တွင် ပိုင်းဖြတ်သင့်ပါလျက် အနှစ်၃ဝကျော်ခန့် ပိုမို၍ ပိုင်းဖြတ်လိုက်ရခြင်းကား မြန်မာပြည်ကြီး ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရ သော်လည်း မြန်မာစာပေ၏ အရှိန်မှာ မသေသေး။ ကင်းဝန်မင်းကြီး၊ မန်လည်ဆရာတော် ဘုရားကြီး၊ လယ်တီဆရာတော်ဘုရားကြီးတို့သည် မြန်မာပြည်ကြီးပျက်ပြီးမှပင် စာပေအမြောက်အမြား ရေးသား ပြုစုကြလျက် အင်္ဂလိပ်မင်းပေးဘွဲ့တံဆိပ်များကို ခံယူကြရသေးသော ကြောင့်ဖြစ်၏။

ယခုပစ္စုပ္ပန်ခေတ် စာဆိုတို့နှင့် ထိုပုဂ္ဂိုလ်တို့၏ကျမ်းများကိုကား ဤစာအုပ်တွင် ဖော်ပြရန် အချိန် မကျသေးဟူ၍ ထင်မြင်မိ၏။ အကြောင်းကိုဆိုသော ပစ္စုပ္ပန်ခေတ်ကား မြန်မာစာပေတွင် ခေတ်သစ် ထူထောင်ခါစ ရှိသေး၏။ ထို့ပြင်လည်း ပစ္စုပ္ပန်ခေတ်သည် မြန်မာစာပေနှင့်အင်္ဂလိပ်စာပေ ယှဉ်တွဲ၍ လာသောခေတ်ဖြစ်သောကြောင့် ထိုခေတ်တွင် ဆန်းသစ်သော အာဘော်၊ စိတ်ကူးဥာဏ်၊ ကိုယ်တွေ့ အဖြစ်အပျက်များနှင့်သာ ပြည့်နှက်နေမည်ဖြစ်၍ ထိုပစ္စုပ္ပန်ခေတ် စာပေအကြောင်းကို ရေးသားရန် အချိန်မကျသေးဟု ထင်မြင်မိသည့်အတွက် ချန်လှပ်ထားခဲ့ရပေ၏။