Wednesday, July 31, 2013

ရခိုင်မင်းသမီး ဧချင်း

အဒူမင်းညိုရေးသော ရခိုင်မင်းသမီးဧချင်းသည် အထင်အရှား တွေ့ရှိရသမျှသော ဧချင်းများတွင် အဟောင်းဆုံး ဖြစ်သည်။ ဧချင်းဖွဲ့ဆိုသောခုနှစ်ကိုကား အတိအကျမသိရ။ ဘစောဖြူမင်း နန်းတက်သော သက္ကရာဇ် ၈၁၇ခုနှစ်တွင်ပင် ဖွဲ့ဆိုပေရာမည်။ ထိုခေတ်ထိုအခါက ရခိုင်ပြည်တွင် မြန်မာစာပေ ထွန်းကားတိုးတက်လျက် ရှိနေကြောင်းမှာ များစွာအံဩဖွယ်ရာဖြစ်သည်။ မြန်မာပြည်က အားကျဖွယ်ကောင်းလှပေသည်။ အဘယ်ကြောင့် ရခိုင်ပြည်တွင် မြန်မာစာပေ ပွင့်လင်းနေရပါသနည်း ဟူမူ ရာဇဝင်ကျမ်းများအရ မင်းကြီးစွာစော်ကဲလက်ထက် သက္ကရာဇ် ၇၃၅ ခုနှစ်တွင် ရခိုင်အမတ်များ တောင်းပန်သဖြင့် မြန်မာဘုရင်မင်းမြတ်သည် မြန်မာဘုရင်ခံစောမွန်ကြီးကို ခန့်ထားသည်မှအစပြု၍ မြန်မာစာပေသည်လည်း ရခိုင်ပြည်တွင် ပွင့်လင်းပြန့်ပွားလျက် ရှိနေတော့သည်ဟူ၍ ယူဆဖွယ်ရာ ဖြစ်သည်။ ထိုနောင်ကာလများတွင် အဝပြည်မှ ကဗျာ့ဝိဒူများဖြစ်ကြသော ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောသာရတို့သည် ရခိုင်ပြည်သို့ ကြွရောက်သီတင်းသုံးကြ၍ ရတုစာအမြောက်အမြားပင်လျှင် ဖွဲ့နွဲ့ခဲ့ကြပေသေးသည်။ ထို့ကြောင့် ရခိုင်မင်းသမီးဧချင်း ဆရာသည်လည်း မြန်မာပညာရှိများနှင့် ဆက်ဆံဖူးဟန် တူသည်။ ထိုမင်းသမီးဧချင်းတွင် မင်းသမီး၏ဆွေတော်၊ မျိုးတော် အရင်းအချာများ၏ အစဉ်အဆက်နွယ်တော် ပြန့်ပွားလာပုံများကို ရှင်းလင်းစွာ ဖော်ပြသည်။ စကား အသွားအလာ ဖွဲ့နွဲ့ပုံမှာ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်ပေါ် ဧချင်းများလောက် ရာဇဝင်ကျောင်းတွင် မပြည့်စုံလှ၊ ဧချင်းအဖွဲ့မျိုးစေ့ကို  ချရုံမျှသာရှိသည်။ သို့သော် ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ရှင်းလင်း ပြတ်သားစွာ ဖွဲ့ဆိုနိုင်သည်။ ဧချင်းတွင် သုံးစွဲထားသော စကားလုံးများသည် သုတိသာယာ၍ ပေါ်လွင်သည့်ပြင် စပ်ပုံစပ်နည်းမှာလည်း ဧကာရ န္တနှင့် အစချီ၍ ဧကာရ န္တနှင့်အဆုံးသတ်သည်။

ဧဧပိမ့်နှစ်သိမ့်၊ အငြိမ့်အချမ်း၊ သူငယ်ဝမ်းဖြင့်၊ မြည်တမ်းပူဆာ၊ နိုးနာမရှိ၊ စက်ပျော်ဘိမျှ၊ သိန်းထိဘိုးခက်၊ ညံ့သက်ပင်ချည်၊ လျားနံရှည်နှင့်၊ နောက်ပြည်မင်းတို့၊ ခွန်ဆက်ပို့သား၊ နှစ်လို့ချင်စွာ၊ ခါသာသလင်း၊ အောက်နှီးခင်းလျက်၊ ပေါ်တင်းကြက်မွန်၊ ဗိတာန်ဆောင်းထား၊ ကိုးပါးရတနာ၊ စီချယ်မြွာလျက်၊ ရွှေပုခက်တွင်၊ ရွှေရွက် လူလူ၊ ရွှေချူသွင်သွင်၊ လက်ငင်တိုင်ငုတ်၊ မျှင်မျှင်ထုတ်၍၊ တမုတ်ကြိုးကိုင်၊ နှစ်ဘက်ဆိုင်သည်၊ ဧတိုင်ရိုက်ပျံ့ ပျူးတည့်လေ

ဟူသောအဖွဲ့ကို ကြည့်ရှုလျှင် အဒူမင်းညိုသည် ရှေးအခါက ပုခက်ဧယင်ကို မည်သို့ဆင်ယင်၍ မည်သို့ဆင်ယင်၍ မည်သို့ ဧယင်တော်ကျူးကြပုံကို ပေါ်လွင်သောစကားလုံးများဖြင့် ဗဟုသုတ ဖြစ်ဖွယ်ရာပြသခဲ့သည်။ ဧချင်းဆရာတို့မည်သည် ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို ချီးကျူး ဖွဲ့ဆိုကြစမြဲ ဖြစ်သောကြောင့် အဒူမင်းညို ကလည်း မိမိ၏အဖွဲ့တွင် -

ဝေသာလိဝယ်၊ ဇာတိဆဒ္ဒန်၊ မျိုးမှန်ဖြူလဲ့၊ တဆဲ့နှစ်စီး၊ ကျော်သီးထိုခါ၊ ကျော်ထင်စွာသား၊ မဟာမည်လှိုင်း၊ တိုင်းဒန္ဒရား၊ ကျောက်လှေကား​၌၊ သိကြားနတ်ပေး၊ လေးနှင့်သန်လျှက်၊ လက်နက်လှံပျံ၊ စေစားခံ၍၊ နွံတုံသောင်းနက်၊ ကိုးဆက်မင်းတိုင်၊ တုတ်ခွန်လှိုင်၏၊ ရိုက်တိုင်ထန်ကြိုး၊ မိုးဃ်းလည်းရတနာ၊ ရွာကာကာတည်း၊ မည်သာကျော်မွှန်း၊ ဥဒါန်း ဆောင်လွှား၊ စန္ဒရားဟု၊ ကြီးအားမြှောက်စည်၊ ကိုးဆက်တည်သည်၊ လူ့ပြည်ဘုန်းရှိန် စူးတည့်လေး

စသည်ဖြင့် အတိဝုတ္တဒေါသမှာ ကင်းလွတ်အောင် သွယ်ဝိုက်၍ ရေးသားဖွဲ့နွဲ့ထားလေသည်။a