Monday, July 29, 2013

၁။ ပုဂံကျောက်စာခေတ်

မြန်မာစာပေ အရေးအသား၏ အစမူလကို ရှာဖွေလျှင် ကျောက်စာကို တွေ့ရှိရသည်။ စင်စစ်အားဖြင့် ကျောက်စာသည်ကား မြန်မာစာပေ၏ အုတ်မြစ်ကြီးသဖွယ်ပင်တည်း။ ထို့ကြောင့် မူလပင်ရင်း ဖြစ်သော ကျောက်စာကို သေချာစွာ စဉ်းစားဆင်ခြင်ကာ ကျောက်စာ ထွန်းကားရာဖြစ်သော ပုဂံ ကောင်းစားသည့် ခေတ်ကို တွေးရှု့သင့်သည်။ မြန်မာကျောက်စာများတွင် မြစေတီကျောက်စာကို အလေးမူ၍ ကောင်းစွာဆင်ခြင် စဉ်းစားရာ၏။ မြစေတီကျောက်စာကို ကျန်စစ်မင်း၏သား ရာဇကုမာ အမည်ရှိသော မင်းသားက သက္ကရာဇ် ၄၇၄ ခုနှစ်တွင် စိုက်ထူခဲ့သည်ဖြစ်၍ ခမည်းတော် အသည်းအသန် မကျန်းမမာ ဖြစ်သည့်အခါ ရွှေဆင်းတုတစ်ဆူ ပြုလုပ်၍လှူကြောင်းနှင့် ကျေးကျွန် လယ်မြေများကိုလည်း လှူကြောင်းတို့ကို စကားပြေဖြင့်ရေးသားထားသည်ကို တွေ့ရသည်။
ထို့ကြောင့် မြန်မာစာပေတွင် ကျောက်စာစကားပြေသည် ရှေးအကျဆုံးဖြစ်သည်ဟု ယူဆဖွယ်ဖြစ်၏။ မြန်မာဘာသာမျှမကသေး၊ အထက်ပါအကြောင်းအရာကို ပျူဘာသာဖြင့် လည်းကောင်း၊ ပါဠိ ဘာသာဖြင့်လည်းကောင်း၊ မွန်ဘာသာဖြင့်လည်းကောင်း ကျောက်စာတိုင်၏ အခြားသောသုံးမျက်နှာ အသီးသီးတွင် ရေးထိုးထားသည်ကို တွေ့ရှိရသည်။ သို့ဖြစ်၍ ထိုခေတ် ထိုအခါတွင် မြန်မာဘာသာအပြင် ပျူဘာသာ၊ ပါဠိဘာသာ၊ မွန်ဘာသာတို့ကိုလည်း ရေးသားသုံးစွဲကြောင်းကို သိသာ၏။ မြစေတီကျောက်စာကို စာပေဘက်မှနေ၍ ကြည့်ရှုပါမူ အရေးအသားမှာ ရှေးကျ၏။

ထိုမင်း၏ ပါယ်မယား တယောက်သော်ကား တြိလောကဝဋံသကာဒေဝီမည်၏။
ထိုပါယ်မယား သားတမူလည်း ရာဇကုမာရ် မည်၏။
ထိုမင်းကား ကျွန်သုံးရွာတည်း ပါယ်မယားအား ပေး၏။ *

[*    ကျောက်စာမှ အကိုးအကားတို့ကို အဖတ်လွယ်ကူစေခြင်းငှာ ယခုခေတ် စာလုံးပေါင်းဖြင့် ပြင်ဆင်သင့်သမျှ ပြင်ဆင်ပေးထားပါသည်။]

ဤကဲ့သို့သော ဝါကျတိုများကို  ထောက်သော် လိုရင်းအဓိပ္ပါယ်ကိုသိသာအောင် ရေးသားခြင်းမျှသာ ဖြစ်ကြောင်းသိရ၏။ စာအရေးအသားသည် ထိုခေတ်မှ အစပြုစဖြစ်သည့်အပြင် အခြားသော ဘာသာစကား များရှိနေခြင်းကြောင့်လည်း ဤသို့ဖြစ်ရသည်ဟူ၍ ယူဆထိုက်၏။ ယခုခေတ် မြန်မာစာပေ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့်လည်း အထက်ပါ အကြောင်းကို ထင်ရှားစွာသိသာနိုင်၏။ မြန်မာအမျိုးသားတို့သည် မြန်မာစကားပြေအပြင် အင်္ဂလိပ်စာကိုလည်း လေ့လာလိုက်စားနေရခြင်းကြောင့် မြန်မာစာပေဘက်တွင် ဂရုပြု ချင်သလောက် အချိန်မရကြပေ။ မြန်မာစာပေကို တစ်ဖက်သတ်သက်သက် ကြည့်ရှု့မှတ်သားလေ့ကျင့်သော သူတို့ကဲ့သို့ တတ်မြောက်နိုင်ရန် ခဲယဉ်း၏။ မြစေတီကျောက်စာ ရေးသားသော ခေတ်၌လည်း အခြား ဘာသာ အရေးအသားတို့က များပြားလျက် ရှိသည်ဖြစ်သတည်း။ သို့ရာတွင် ပုဂံခေတ်ရှိရှေးလူဟောင်း တို့သည် မဆုတ်မနစ်သောလုံ့လဖြင့် မြန်မာစာအရေးအသားကို ပြုလုပ်ကြလေသည်။ အကြောင်းသော်ကား မြစေတီကျောက်စာ ရေးသည်မှစ၍ နောက် ဆက်ကာဆက်ကာ ကျောက်စာများကို အနှံ့အပြား ရေးသား စိုက်ထူထားခဲ့သည်ကို တွေ့ရှိရသောကြောင့်ပင်ဖြစ်သည်။ ဤသို့ပင် မြန်မာစာပေ အရေးအသား ဝါကျ အစီအစဉ်တို့သည် လေ့ကျင့်ဖန်များသဖြင့်  တဖြည်းဖြည်း တစ်စတစ်စ တိုးပွား၍လာရပေတော့၏။ ဤ အကြောင်းကို သက္ကရာဇ် ၅၈၆ခုတွင် အနန္တသူဇနီးမောင်နှံတို့ စိုက်ထူခဲ့သော ကျောက်စာကို ကြည့်ခြင်းအား ဖြင့် သိသာနိုင်၏။

အနန္တသူရ်မောင်နှံနှစ်ယောက် ဤယ်လူတွင်နှိုက် အတိုင်းမသိသဒ္ဓါရုယ် ပြုသော ကောင်းမှုအကျိုး ဖြင့်ကား၊ ရေမြေ ခပ်သိမ်းသော အသ္ခိင်ဖြစ်သော မြတ်စွာသော မင်းကြီးစသော မင်းငီ၊ မင်းသား၊ မင်းသ္မီး၊ မင်းနှမခပ်သိမ်း၊ အမိ ပုရှား စသော မောင်းမတော် ခပ်သိမ်း၊ အမတ္တျာ စသော ဗိုလ်ဗာ ခပ်သိမ်း၊ သြက် အဝ စိယ် စသော အထက် ဖဝက်တိုင် သြင်၊ အတိုဝ့် စကြာဝဠာစသော အတိုင်း မသိသော  စကြာဝဠာနှိုက်နေ သော လူနတ် သတ္တွ ခပ်သိမ်းသ တိုဝ့်ကိုဝ် အကြွင်းမဲ့သဖြင့်၊ သင်္သရာ ဆင်းရဲမှ ထွက်မြောက်ခရုယ့် ဆင်းရဲမဲ့ သော နိရဗာန်ပြည်သိုဝ့် ရောက်စေချင်သောကြောင့်၊ ငါလည်း သိစပ်မြင်နှမ့်သော သဗ္ဗညုတဥာန် ပုရှားဆုကိုဝ် လိုဝ်ချင်သောကြောင့်၊ ဤအာမနာမည်သော ကန်အရပ်နှိုက်ကား များစွာသော ထန်းပင် ဘိလျာင် ကျောင်းအရံ စိုက်လတ်၍

ဟုရေးသားထားသဖြင့် မြစေတီကျောက်စာ ရေးသားပြီးနောက် နှစ်ပေါင်း ၁၁၁ခုနှစ်မျှ ကြာလျှင်ပင် မြန်မာစာအရေးအသား စကားအသွားအလာသည် မည်မျှကောင်းစွာ တိုးတက်လာကြောင်း ထင်ရှားပေသည်။

သက္ကရာဇ် ၆ဝ၄ ခုနှစ်သို့ ရောက်သောအခါမူကား စာအရေးအသားမှာ ရှေးကထက်ပင် တိုးတက် ကောင်းမွန်၍ လာခဲ့၏။ ရှင်ပင်ဗောဓိ ကျောက်စာတွင် -
သိခင် ညောင်ရမ်းကြီး သမီး မိမိအသက်နှင့် တူသော မျက်စေ့မျက်ဆန်နှင့်တူသော
မိမိချစ်စွာသောလင်
ဟု ရေးသားထားခြင်းကို ထောက်ရှု့ခြင်းအားဖြင့် ဥပမာ အနှိုင်းအခိုင်းများကို ထည့်သွင်းရေးသား လာကြောင်း ထင်ရှား၏။ သက္ကရာဇ် ၆၂၈ခု အာမနာကျောင်း ကျောက်စာတွင် သိင်္ဃသူ့သမီး၏ ဆုတောင်းများကို ဖတ်ရှု့ ခြင်းအားဖြင့် မြန်မာစာအရေးအသားသည် မည်သို့သောအခြေအနေသို့ ရောက်ရှိလာပြီကို သိသာနိုင်သည်။

သက္ကရာဇ် ၆၂၈ခု ပိသျှက်နှစ် နံကာလဆန်း ၇ ရက် ကြာသပတေးနေ့ မထီးလိုမြေး မင်းမယား သိင်္ဃသူ့သမီး  ၊ ဖ္လစ်သော ဆင်းရဲ၊ အိုဝ်မင်းသော ဆင်းရဲ၊ သေသော ဆင်းရဲ၊ မချစ်သောသူနှင့် အတူနေသော ဆင်းရဲ၊ ချစ်သောသူနှင့် ကွေကွင်းသော ဆင်းရဲ၊ လိုဝ်ရုယ်မရသော ဆင်းရဲ၊ဤသို့ကစသောအတိုင်းမသိသော ဆင်းရဲတိုဝ့်သည် နှိပ်စက်သောခန္ဓာကို စွန့်ထားခရုယ် ဆင်းရဲခပ်သိမ်းကင်းသော ချမ်းသာစွာသော မြတ်သော နိရဗန်ကိုဝ်လျှင် ငါလိုဝ်သတေးဟူရုယ် ချစ်စွာသောမြတ်သော ရွှေငွေကစသော ဥတ်စာတိုဝ့်ကိုဝ် စွန်ရှယ်ပြု သော ကျောင်းတွင် နေသော သတင်းသမာဓိ ပြညာဟူသော ကျေးဇူးသုံးပါးကိုဝ် ရှာသော သတင်းစင်သော ပုရှာတပည့်သား ရဟန်းသဃာင်္ ချမ်းသာစိမ့်သောငှာ လယ်ဥယဉ် ကျွန်ခခင်း အကြွင်းမယ့်လျှင် လှူ၏။ဤ ငါတိုဝ့်ပြုသောကောင်းမှုအကျိုး၊ အတို့ ခပ်သိမ်းသောကိုဝ် အစိုးရသော ရေမြေအသ္မိင်ဖြစ်သော မင်းကြီးလည်း ရစေဧအ်။ ဤယ်ကောင်းမှု အနုဘဝ်ဖြင့် ပြည်တိုင်းကား ခပ်သိမ်းသောနှိုက် နေသော လူခပ်သိမ်းသောဟအ် အစီးအပွား ချမ်းသာကိုဝ်ရှာပေလျက် သက်တောက်ရှည်စွာနေရုယ် ဤကောင်းမှုကိုဝ် ထောက်ပင့်စေသတည်း။ အရေအရံ ယူပါစေသတည်း။ ယမမင်းစသော သတ္တဝါခပ်သိမ်းလည်း ရစေသတေး။ အရအမိကိုဝ် လိုဝ်သော သူကား အရအမိ ရစေဧအ်။ကောင်းမှုကိုဝ်မှု လိုသောသူကား ကောင်းမှုကိုဝ်မူရစေဧအ်။ ငါလည်း ရံမက်ကြီး သော မရောင့်ရယ်တတ်သော အမျက်ကြီးသော သူတစ်ထူးကို ညှဉ်းဆယ်တတ်သော ပြညာမရှိသော မိုက်သော ဝန်တိုဝ်သော အပေးအကံးမရှိသော သစ္စာမရှိသော ပျက်တတ်သော မေ့လျဝ်သော သြမေ့ တသ ကင်းသော မဖြစ်မူရုယ်
စသည်ဖြင့် ရေးသားထား၏။

အထက်ပါအကြောင်းအရာများကို ထောက်ရှု့ခြင်းဖြင့် လှူဒါန်းသူ မိဖုရား၏ စိတ်နေသဘောထားကို နှိုင်းချင့်သိသာနိုင်၏။ မိမိ လှူဒါန်းသော ဒါနကုသိုလ်ကို သူတစ်ပါးအားလည်း ရစေလို၏။ သံသရာဝဲကြီးမှ လွှဲထွက်ချင်သော ဗုဒ္ဓဘာသာ စင်စစ်ဖြစ်ကြောင်း ထင်ရှား၏။ အလိုရမ္မက် အချက်ကင်းရှင်းလျက် သူတစ်ထူး အား စောင်မကြည့်ရှု့လိုသော စိတ်သာလျှင် ရှိ၏။ ဤသို့ တစ်ဦးဦး၏ အတွင်းစိတ်ဓာတ် သဘာဝတည်နေပုံ အခြင်းအရာကို သူတစ်ပါးတို့ ကွက်ကွက်ကွင်းကွင်း ထင်းလင်းပေါ်လွင် သိမြင်အောင် ရေးသားနိုင်ရန်လည်း လွယ်ကူသည် မဟုတ်ချေ။ တစ်စုံတစ်ခုသော ပုဂ္ဂိုလ်အထည်ဝတ္ထုတို့၏  ဖြစ်ပျက်သည့်အကြောင်း အတ္ထုပ္ပတ် ကို  ပြန်လှန်ရေးသားခြင်းထက် ခက်ခဲ၏။ ယင်းသို့ ခက်ခဲလှငြားသော်လည်း ဤ အာမနာကျောင်းကျောက်စာ တွင် အဓိပ္ပာယ်ပါပါနှင့် ထိထိခိုက်ခိုက် ရေးသားထားသည်ကို တွေ့ရှိရ၏။

ဤမျှမကသေး၊ သက္ကရာဇ် ၆၃၃ မင်းဝိုင်းကျောင်း ကျောက်စာ၏ကျောဘက်တွင် မိဖုရားဖွားစောသည် ဤသို့ ဆုတောင်း၏။
လူဖြစ်သော်ကား လူတကာထက် စည်းစိမ်ချံးသာ ငါရလိုဧအ်။ နတ်ဖြစ်သော်လည်း နတ်တကာထက် မြတ်သော နိုင်ငံသောအဆင်း အရောင်အဝါနှင့် ပြည့်စုမ်ရုယ် အထူးသဖြင့်လျှင် အသက်ရှည်သော အနာမယ့် သော အဆင်းလှသော အသံသာယာသောအလုံးအရုပ်လှသော လူ နတ်ခပ်သိမ်း ချစ်ခင်ရိုဝ်သေမြတ်နိုဝ်းသော ငါဖြစ်လို၏။ ရွှေငွေပတ်တမြား ပုလယ်း သန္တာက စသော အသက်မဲ့သော ဥတ်စာ၊ အသက်ရှိသော ဆင်မြင်းက စသော ဥတ်စာရတနာများစွာသော ငါဖြစ်လိုဝ်ဧအ်၊ ဖုန်းတန်ခိုဝ်းဖြင့် အနိုင်အငံ အခြံအရံ အကျော်အစော ကြီးစွာသော ငါဖြစ်လိုဝ်ဧအ်
စသည်ဖြင့် ရေးသားထား၏။

ဤကျောက်စာကို ထောက်ရှု့ခြင်းအားဖြင့် မိဖုရားဖွားစောသည် အထက်ဆိုခဲ့ပြီးသော သိင်္ဃသူ၏ သမီးနှင့် စိတ်ဓာတ်ချင်း တူပုံမရ။ မာန်မာန အနည်းငယ်ဖက်သည်ဟု ဆိုရချေမည်။ ဖြစ်လေရာရာတွင် လူတကာ၏ ထိပ်၊ နတ်တကာတို့၏ မကိုဋ်ဖြစ်လို၏။ ငါ - ငါဟူသော ဗုဒ္ဓဘာသာတရား၏ ဆန့်ကျင်ဘက် ဖြစ်သော သက္ကာယဒိဋ္ဌိ သံ၊ မာနသံတွေ ရောစွက်လျက်ရှိ၏။ ထို့ကြောင့် မိဖုရားနှစ်ပါးတို့၏ စိတ်ဓာတ်ကို ဖတ်ရှု့သူတို့ သိသာလောက်အောင် ကျောက်စာဖြင့် ဖော်ပြနိုင်သည်ကို ထောက်ရှု့ခြင်းအားဖြင့် မြန်မာစာ အရေးအသားသည် မြစေတီကျောက်စာ ရေးထိုးသည်မှစ၍ တဖြည်းဖြည်း တိုးတက်၍လာသည်မှာ မုချဖြစ်၏။ ပုဂံ ကောင်းစားသော ခေတ်တွင် အရေအတွက် များပြားလှစွာသော ကျောက်စာတို့ကို စိုက်ထူခဲ့ပေ၏။ ထိုကျောက်စာတို့ကို အကျယ်ဖော်ပြနေမည်ဆိုပါက ရှည်လျားအံ့စိုး၍ မရေးသားတော့ပြီ။ အထက်ပါ အကြောင်းအရာချုပ်ကိုသာ ကြည့်ရှု့ဆင်ခြင်ခြင်းအားဖြင့် မြန်မာစာအရေးအသားသည် မည်သို့တိုးတက်လာ ကြောင်းကို တွေးတောခန့်မှန်း၍ ယူကြရန်ဖြစ်တော့သည်။
စာပေပရိယတ္တိအပြင် အခြားဘက်တွင်လည်း ကျောက်စာသည် အသုံးဝင်၏။ ကျောက်စာကို ကြည့်ရှု့ ခြင်းဖြင့် ရှေးပုဂံခေတ်၏ အခြေအနေကို ကောင်းစွာခန့်မှန်းနိုင်၏။ ထိုခေတ် ထိုအခါက တိုင်းပြည်ကို မည်သို့ အုပ်ချုပ်သည်။ မည်သို့သော ရာထူးဌာနန္တရနှင့် လူများကို ခန့်ထားသည်၊ မည်သည့် အလုပ်အကိုင်များကို လုပ်ကိုင်ကြသည်၊ လူတို့ကို မည်သည့် အဆင့်အတန်းဖြင့် ခွဲခြားထားသည် စသည်တို့ကို ကောင်းစွာသိနိုင် သည်။ ထိုခေတ်ကပင်စ၍ မှူးမတ်၊ သေနာပတိတို့ ရှိကြောင်းကို လေးမျက်နှာဘုရားကျောက်စာ၌ ‘‘ မင်းကြီး မေတ္တျာ မဟာ သေနာပတိ’’ ဟူသောစကားက ထောက်ခံသဖြင့်  သိနိုင်၏။ လယ်မြေများကို ကြည့်ရှု့မှတ်သား ရသော လယ်မြေအရာရှိများ ရှိကြောင်းကိုလည်း တိုင်းချွတ်ဘုရား ကျောက်စာတွင် သံပျင်သေစရင်းတွင်လဲ ၂ဝ၊ သံပျင် ပု စရင်းတွင်လဲ ၁ဝ  ဟူ၍ လည်းကောင်း၊ ဓမ္မရံကြီး ကျောက်စာ၌ ကလာန်အိဖုဟ်တောင် ၊ ကလာန်လု ဟူ၍လည်းကောင်း တွေ့ရသဖြင့် သိသာနိုင်သည်။ မောင်းထောင်ဆရာတော် ရေးသားသော ရာဇသေဝကဒီပနီကျမ်း၌ ရွာတစ်ခုတည်းသာ ကြီးစိုးသော အမတ်ကို ကလန်၊ ရွာတစ်ခုထက်ပို၍အများအပြား ကြီးစိုးသော အမတ်ကို သံပျင် ဟူ၍ ပြဆိုသည်။ သို့ဖြစ်၍ ရှေးပုဂံခေတ်ကပင်လျှင် လယ်မြေများကိုကြည့်ရှု့ စာရင်းမှတ်ကာ ရွာကိုကြီးစိုးသော ကလန်၊ သံပျင် အရာရှိများ ရှိကြောင်း ထင်ရှားသတည်း။ ထိုပြင်လည်း စောရဟန်းသိမ် ကျောက်စာ၌ စာချီဗိုလ် ဟူ၍ပါရှိသော ဝေါဟာရကို ထောက်ထားခြင်းအားဖြင့် စာရေးကြီးများ ရှိကြောင်းကို သိနိုင်သည်။ ထိုခေတ် ထိုအခါ၌နေထိုင်ကြသူတို့၏ လုပ်ငန်းဆောင်တာများကို တွေးရှု့ပြန်လျှင် လည်း ရွှေထည်၊ ငွေထည်၊ ကြေးထည်မှစ၍ ပန်းချီ၊ ပန်းပု၊ ပန်းရန် စသောအလုပ်များကို ထင်ရှားစွာ တွေ့မြင် ရပေသည်။ ပုဂံမြို့ လေးထောင့်ကန်ရပ် လေးမျက်နှာကျောက်စာတွင် -
ထိုဝ်အပကား ရွှေမူရုယ့် ရတနာတိ အမျက်ခတ်သော၊ ထိုဝ်အပကား ဆင်စွယ်ပြုသော၊ ထိုဝ်အပ ကား  ကြေးနီပြုသော၊ ထိုဝ်အပကား ကျောက်ပြုသောပုထိုဝ်၊ ထိုတွင် ထည့်ပါသော ရွှေစမခန်း၊ ငွေစမခန်း ရွှေပေါက်ပေါက် ငွေပေါက်ပေါက် ရွှေတန်ဆောင် ငွေတန်ဆောင် တိုဝ့်ဖြင့် ပူဇော်ရုယ့် ထည့်လိုက်ဧအ်၊ ကျောက်ပုထိုဝ် ကိုဝ်ကား ဆေးရေးရုယ့် ကြေးခြည်နှင့် ခက်ဧအ်
ဟု ရေးသားထားသည်။

ဤကျောက်စာကိုထောက်ရှု့ခြင်းအားဖြင့် ရှေးခေတ်ကပင်လျှင် ရွှေထည်ငွေထည်လုပ်ငန်းဆောင်တာ များ  ထွန်းကားလျက် ရှိကြောင်းထင်ရှားစေသတည်း။  ။ဤလေးမျက်နှာ ကျောက်စာ၌ပင် “ဇာတ်ငါးရာလည်း အတင့်အတယ်ရေး၏” ဟူ၍ပါရှိသောစကားကို ထောက်ထားခြင်းအားဖြင့် ပန်းချီဆေးရေးခြင်းအမှုသည်လည်း  ထိုခေတ်ကပင် ရှိနေကြောင်း ထင်ရှား၏။ ပုဂံမြို့ရှိ အချို့ဘုရားများတွင် ရှေးနှစ်ပေါင်းရှစ်ရာကျော်မှ ရေးသား ခြယ်လှယ်ထားခဲ့သော ပန်းချီကားများကိုပင် ယခုတိုင် လတ်လတ်ဆတ်ဆတ် တွေ့ရှိနိုင်ပေသည်။ ထို့ပြင်  စည် ပတ်သာ စသော တူရိယာ ငါးပါးတို့ကို တီးကြမှုတ်ကြသူများလည်း ရှိကြ၏။ ကူနီဘုရား ကျောက်စာ တွင် -
ပဉ္စင်္ဂတုရ် မည်သော  စည် ညှင်းဖြင့် နှိုး ထ ထ သော စည်းစိမ်လိုဝ်ရကား၊ စည်ကြီးပန်တျာ ပြုသော စည်သည်ကား ငါသူစာ၊ ငါမတ်၊ ငါမရန်း၊ ငါဖုန်ဆုမ်၊ ပသာသည်ကား ငါသူရိ၊ ခွက်ခွင်းသည်ကာ ငါဖြူ
စသည်ဖြင့် ရေးသားသည်ကို အထောက်အထား ပြုနိုင်သည်။ မင်းဝိုင်းကျောင်း ကျောက်စာရှိ၊ အလှူစာရင်း… အမူကွန်းတင်၏။ ….သစ်တလာတွင် ထည့်၏။ ရွှေပေရှစ်ချပ်၊ ရွှေချည်ဖွဲ့၏။ သစ်ကျမ်းဆေးရေးတည်ဟူသော စကားတို့ကို ထောက်သော် ဆေးရေးအပ်သော သစ်ကျမ်းများ ရှိကြောင်းကို သိရ၏။

ကျောက်စာတိုင်းလိုလို၌ပင် လယ်မြေများအကြောင်း ပါရှိသည်။ သို့ဖြစ်၍ လယ်လုပ်ကာ အသက်မွေး မူကို ပြုလုပ်ကြသူများလည်း ရှိကြပေမည်မှာ ယုံမှားဖွယ် မရှိချေ။ ဘုရား၊ ဂူ၊ ကျောင်းများကို တည်ဆောက်ပြီး ကြသည့် အခါ ယောက်ျား မိန်းမပေါင်း များစွာတို့ကို ကျေးကျွန်အဖြစ်ဖြင့် ဘုရားတည်ထားသူက လှူဒါန်းလေ့ ရှိသဖြင့် ဘုရားကျွန်၊ ကျောင်းကျွန်၊ ပိဋကတ်ကျွန်များ ဖြစ်ကြရကုန်၏။ ထိုသူတို့မှ ဆက်နွယ် ပေါက်ဖွားကြ သော သားစဉ်မြေးဆက် ဟူသမျှတို့သည်လည်း ကျေးကျွန်ဘဝမှ လွတ်ကြမည် မဟုတ်တော့ချေ။ သို့ဖြစ်၍ ပုဂံခေတ်သည် ယခုခေတ်ကဲ့သို့ မဟုတ်။ ကျွန်မျိုးကျွန်နွယ်ဟူ၍ သီးခြားရှိမည်ဟု စဉ်စားတွေးတောဖို့ရန် ဖြစ်သည်။ လူများ သုံးစွဲကြသော ငွေကြေးမှာလည်း တစ်ကျပ်၊ နှစ်ကျပ် စသည်ဖြင့် ငွေစိုင် ငွေခဲကို ချိန်တွယ် ဖြတ်တောက်ကာ သုံးစွဲကြဟန် လက္ခဏာ ရှိသည်။ ကျပ် ချိန်ဖြင့် သုံးကြောင်းကို စူဋ္ဌာမဏိ ဘုရားမြောက်  လေးမျက်နှာ ဘုရားကျောက်စာ၌ -
ပန်းပယ်ပေးသလည်း ၄ ကျပ်၊ ကူရေးသော ပန်းချီပေးသလည်း
၇။ ကျောင်းရေးသော ပန်းချီပေးသလည်း ၁၂ဝ
စသည်ဖြင့် တွေ့ရှိရသည်။

ဤစကားရပ်၌ ပန်းပဲသမားကို လေးကျပ်ပေးရ၏။ ပန်းချီသမားကိုခုနှစ်ကျပ်ပေးရ၏ ဟူသောစကားကို တွေးရှုပါကပန်းပဲအတတ်သည်ပင်ပန်းစွာလုပ်ရသော်လည်း မပင်ပန်းသော ပန်းချီအတတ်လောက် အဖိုးမတန်ကြောင်း သိနိုင်သည်။ သို့ဖြစ်သောကြောင့် ကျောက်စာ ထွန်းကားသော ပုဂံခေတ်တွင် စီရင်အုပ်ချုပ်ခြင်းဘက်၌ ဘုရင်သည် အကြီးအမှူးဖြစ်လျက် သေနာပတိ၊ မှူးကြီးမတ်ရာ၊ မြို့စာ၊ ရွာစား၊ သံပျင်၊ ကလန်၊ စာချီ အစရှိ သည်တို့ အဆင့်ဆင့် အုပ်ချုပ်ကြကြောင်းကို တွေ့ရှိနိုင်သည်။ ဆင်းရဲသားများဘက်တွင် ရွှေထည်၊ ငွေထည်၊ ကြေးထည် အစရှိသော လုပ်ငန်းဆောင်တာများကို ပြုလုပ်သော ပန်းထိမ်သည်များ၊ ဆေးရေမွမ်းမံခြင်းကို ပြုလုပ်ကြသောပန်းချီသမားများ၊ သီးချင်းသည်များ၊တူရိယာတီးမှုတ်ကြသူများ၊ကချေသည်များနှင့်လယ်သမား များ ရှိကြပေလိမ့်မည်။ အနိမ့်ဆုံး အဆင့်အတန်း၌ကာ ဘုရားကျွန်၊ ကျောင်းကျွန်၊ ပိဋကတ်ကျွန်းတို့ပင် ဖြစ်ကြသတည်း။
ကျောက်စာများကို ရာဇဝင်ဘက်မှ တစ်ဖန် ကြည့်ရှုပြန်လျှင်လည်း အလွန် အသုံးဝင် အဖိုးထိုက်တန် ကြောင်းကို တွေ့ရှိရ၏။ မြစေတီကျောက်စာတွင် တြိဘုဝနာဒိတျဓမ္မရာဇာ ခေါ် ကျန်စစ်မင်းသားသည် သာသနာနှစ် ၁၆၈၂တွင် နန်းတက်သည်ဟု ဆို၏။ ထိုနှစ်သည် ကောဇာသက္ကရာဇစ် ၄၄၆ ခုနှစ် ကျရောက်၏။ ထိုသက္ကရာဇ်သည် နောက်ရေးသောမြန်မာရာဇဝင်တို့၌ ဖော်ပြသော ကျန်စစ်မင်း နန်းတက် သက္ကရာဇ်တို့နှင့် မညီညွတ်၊ မြစေတီကျောက်စာသည် မူလရှေးခေတ်ကပူပူနွေးနွေး ရေးထိုးခဲ့သော ကျောက်စာဖြစ်ခြင်းကြောင့် ဤထက် မှန်ကန်သော အကိုးအကားမှ မရှိသလောက် ရှားပါ၏။ ထိုပြင် ရှေးမင်းများ၏ ဇာတာတော်ပုံ ရာဇဝင် နှင့်တိုင်ဆိုင်ကြည့်သောအခါလည်း ထိုကျောက်စာပါ သက္ကရာဇ်နှင့် တူညီကြောင်းကို တွေ့ရှိရသည်။ သို့ဖြစ်၍  ကျန်စစ်မင်းသား နန်းတက်သက္ကရာဇ်အမှန်ကို ဤကျောက်စာက ဖော်ပြသည့်အတွက် ရာဇာဝင်လိုက်စာသူ တို့အဖို့ အထူးအသုံးဝင်လေသည်။ ထိုပြင် ဤသက္ကရာဇ်ကို ထောက်၍ အနော်ရထာ နန်းသက်ကုန်သည့်  သက္ကရာဇ်ကိုလည်း ဆက်လက်သိနိုင်သေးသည်။ ဤမျှမကသေး၊ ကျန်စစ်မင်းသား၏ နန်းစံနှစ်အမှန်ကိုကြည့်ရှု့ခြင်းအားဖြင့်အလောင်းသည်သူ၏နန်းတက်နှစ်ကိုလည်းဆက်လက်သိသာနိုင်၏။ ထိုပြင်မြစေတီကျောက်စာ၌ ရာဇာကုမာမည်သော မင်းသားသည် ကျန်စစ်မင်း၏ သားဖြစ်ကြောင်းကို ဆို၏။ ထိုမင်းသားကား တြိလောက ဝဋံသကာဒေဝီ အမည်ခံသော သမ္ဗူလ၏ သားပင်ဖြစ်သည်။ သို့ရာတွင် သမ္ဗူလသားအမိမှာ ကျန်စစ်မင်းကြီးက မြေးတော် အလောင်းစည်သူကို အိမ်ရှေ့နှင်းပြီးမှ သာလျှင်ပုဂံထီးနန်းသို့ တောအရပ်မှ ရောက်လာသဖြင့် ရာဇကုမာ မင်းသားသည်သားဖြစ်လျက်နှင့် ထီးနန်းမရ ဖြစ်လေသည်။ ဤကား ရှေ့ရှေ့က မင်းများထားမိ သော  ကတိကိုတည်ကြည်စောင့်ထိန်းခြင်းပင်ဖြစ်၏။ ကျန်စစ်မင်း၌ သားရှိကြောင်းကို မြစေတီကျောက်စာက ကောင်းမွန်စွာ ရှင်းလင်းပြဆိုပေးသတည်း။

ဒိသာပါမောက် ကျောက်စာကို ထောက်ထားခြင်းဖြင့်လည်း တရုတ်ပြေးမင်းလက်ထက်၌ တရုတ်လူမျိုး တို့သည် မြန်မာပြည်သို့ လာရောက်တိုက်ခိုက်၍သာ မြန်မာပြည် ပျက်ရသည်မဟုတ်။ အခြားပြည်တွင်းရန် တစ်ခုခုလည်း ရှိလိမ့်ဦးမည် ဖြစ်ကြောင်းကို တွေးရှုသိမြင်နိုင်သည်။ ဒိသာပါမောက်သည် ရဟန်းဖြစ်လျက်နှင့် တရုတ်ပြည်သို့ သံအဖြစ်ဖြင့် သွားရောက်ကာ မြန်မာပြည် တိုင်းရေးပြည်မှုကို ဆောင်ရွက်သည်ကို တွေ့ရသဖြင့် ရှေးခေတ်ကပင် ရဟန်းတော်များသည် တိုင်းပြည်ရေးရာလောကီမှုများတွင် ဝင်ရောက်ဆောင်ရွက် ကြောင်းကို သိသာနိုင်သည်။ ဇေယပွတ် ဘုရားကျောက်စာတွင် ဥဇနာမင်းသည် ဇေယပွတ်အမတ်အား မြေပေး၏။ အမတ်ကြီးသည် ထိုမြေကို ဘုရာအား လှူဒါန်း၏။ ကျစွာမင်းလက်ထက်တွင် ထိုမြေကို သိမ်းယူသ ဖြင့် ကျောင်းနေဘုန်းကြီးက ဘုရားကို လှူခဲ့ကြောင်းပြောဆိုသောအခါ မင်းကြီးက စုံစမ်း၍ ဟုတ်မှန်သဖြင့် ထိုမြေကို ပြန်ပေးရ၏။ ဤအကြောင်းကို ထောက်ထားခြင်းအားဖြင့် ရှေးခေတ်က ရဟန်းတော်များသည်များစွာ သြဇာတိက္ကမ ရှိကြောင်း ထင်ရှားပေသည်။ ယင်းသို့ သြဇာတိက္ကမ ရှိနေရခြင်း အကြောင်းမှာလည်းပုဂံပြည်သူ ပြည်သားများသည် ရတနာသုံးပါး၊ ဘုရား၊ တရား၊ ရဟန်းတော်များကို အလွန်တရာ ကြည်ညို လေးမြတ်ကြသောကြောင့် ဖြစ်၏။ ကြည်ညိုလေးမြတ်သည့် အတိုင်းလည်း တည်ဆောက်ခဲ့သော ဘုရားစေတီ ဂူကျောင်းတို့သည် ယခုခေတ်တိုင်အောင်ပင်များပြားတည်ရှိကြ၏။

ကျောက်စာများတွင်လည်းများသောအားဖြင့် ဘုရားပုထိုးများကို မည်သို့တည်ကြောင်း၊မည်မျှလောက်  ကျေးကျွန်လယ်မြေများကို လှူခဲ့ကြောင်း၊ မည်သည့်ဆုကို လိုချင်ကြောင်း၊ ဘုရားဖျက်ဆီးသူများအား မည်ကဲ့သို့သော အတိဒုက္ခတို့ကို တွေ့စေချင်ကြောင်း၊ ကောင်းမှုတော်များကို ချီးပင့်သောသူတို့ အဖို့ မည်သည့်ဆုများရစေလိုကြောင်း စသည့်တို့ကိုရေးသားထား၏။ အကယ်၍ ထိုအကြောင်းအရာ တို့အပြင် တိုင်းရင်ပြည်မှု စီရင်အုပ်ချုပ်ပုံနှင့် လူများ နေထိုင်ဆက်ဆံပုံ အကြောင်းများကိုလည်း အနှံ့အပြား ရေးသားထားမည်ဆိုပါက ကျောက်စာလိုက်စာသူတို့သည် ရှေ့ခေတ်အကြောင်းကို ယခုထက်ပင် တိုးတက်သိရှိနိုင်ရန် အကြောင်းရှိပေ သတည်း။

ပုဂံကောင်းစားသောခေတ်တွင် ကျောက်စာဖြင့် သီးခြားစွာ ရေးသားခဲ့သော ကဗျာလင်္ကာများကို  မတွေ့ရချေ။
သိုးကလေ၊ ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊
နံ့ရှား ကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ၊ ပန်းစကား။
ဟု ပထမပိုဒ်ချီ ပုပ္ပါးနတ်တောင်ဖွဲ့လင်္ကာ။
သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊
ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ဟု ပထမပိုဒ်ချီ အနန္တသူရိယ လင်္ကာတို့ကား ထင်ရှားလျက် ရှိကြ၏။ သို့သော် ကျောက်ပေါ်တွင် ရေးသားလျက် မတွေ့ရသဖြင့် ထိုကဗျာတို့ကိုမည်သည့် သက္ကရာဇ်တွင် ရေးသားသည်ဟူ၍ တပ်အပ်သေချာစွာ မသိရပေ။ သေချာစွာ ဆုံးဖြတ်ရန်လည်း မလွယ်ကူချေ။  ဒုတိယ ကဗျာကိုမူကား နရပတိစည်သူ မင်းကြီး လက်ထက် သက္ကရာဇ် ၅၃၆ ခုနှစ်တွင် မင်းယဉ် နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယ အမတ်သည် မင်းပြစ် ဒဏ် ရာဇသံကြောင့် သေရမည့်ဆဲဆဲတွင် ရေးသားခဲ့သော ကဗျာဖြစ်သည်ဟု အများယုံကြည်ကြ၏။မှတ်သား စံတင်လောက်သော တရားသဘောများ ပါရှိ၏။ ကိုယ်ခန္ဓာ စည်းစိမ်ဥစ္စာတို့၏ မမြဲတတ်သော အနိစ္စသဘော တရားသည် မှန်လှပေစွတကားဟု ရေးသားသည့်အခါ ထင်မြင်အောက်မေ့ဟန် လက္ခဏာရှိသည်။ သေရမည့်ဆဲဆဲတွင်ကိုယ်တိုင် ဒိဌတွေ့ကြုံရသည့်အကြောင်းကို စပ်ဆိုခဲ့ခြင်းကြောင့် စိတ်ဓာတ်ကိုထိခိုက် လောက်အောင် တိုတိုနှင့်ပင် ကောင်းလှ၏။ ထိုလင်္ကာ ၄ ပိုဒ်အစချီ အသီးသီးတို့သည် တစ်ခုနှင့်တစ်ခု တူညီကြသည်မဟုတ်။ အဆုံးချတွင်လည်း စကားရှစ်လုံးဖြင့် ရေးသားထား၏။ လင်္ကာသဘော အစစ်ဖြင့် စပ်ဆိုထားသည်ဟု ဆိုရချေမည်။ ပုပ္ပါးနတ်တောင်ဖွဲ့မှာကား အနန္တသူရိယ လင်္ကာနှင့် စပ်ဆိုပုံချင်းမတူ။ အစချီပုံ၊ အဆုံးချပုံတို့နှင့်တကွ ဖွဲ့နွဲ့ပုံအကြောင်းအရာ တို့မှာ ရတုသဘောသို့ များစွာသက်ဝင်နေခြင်းတို့ကြောင့် ပုပ္ပါးနတ်တောင်ဖွဲ့သည် ရတုဖြစ်သည်ဟု ခေါ်ဆို မှားမည် မဟုတ်ချေ။ ပုဂံခေတ်အဆုံး ပင်းယခေတ် တွင်ပေါ်ပေါက်သည့် ရတုဖြစ်တန်ရာ၏ဟု ယူဆရရှိသည်။ အချို့ကမူကား ထိုလင်္ကာပါစကားများ၏ အဓိပ္ပာယ် အရိပ်အမြွတ်ကို ထောက်၍ ပုဂံ၊ သေဉ်လည်ကြောင်ကြီးမင်း လက်ထက်တွင် ပေါ်ပေါက်ဟန် တူသည်ဟုယူဆကြ၏။
မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေးဧ
ကြည်စွာ ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ဌက်မျိုးစုံသည်၊
ဝတိံသာက၊ နန္ဒာလော၊ တူစွ ဟုတ္တာ။
ဤ မြကန်လင်္ကာသည်ကား လိုရင်းအဓိပ္ပါယ်ကို စကားတိုတိုဖြင့် ဖော်ပြသည့်ပြင်၊ ကျောက်စာ စကားပြေတွင်သုံးစွဲသော စကားအချို့တို့ ပါရှိခြင်းကြောင့် ပုဂံကောင်းစားသောခေတ်တွင် ရေးသောကဗျာဟု ယူဆရန်ရှိသည်။

ဤလင်္ကာနှင့်ပတ်သက်၍ စဉ်းစားရန် အကြောင်းတစ်ခုမှာ ဤသို့တည်း။ ပုဂံပြည်တွင် တူးရွင်းတောင် ခြေရင်းရှိမြကန်ကမ်းပါး၌ တည်ရှိသော မြကန်ကျောက်စာတိုင်တစ်ခု ရှိ၏။ ထိုကျောက်စာတိုင်၏ လေးမျက်နှာ ၌ ရေးထိုးထားသော မွန်ကျောက်စာကို ဖတ်ရှု့သော် ထိုကန်ကို ကျန်စစ်သားမင်းသည် ခပ်သိမ်းသော လူအပေါင်းတို့၏ အကျိုးငှာတူးပြီးလျှင် မဟာနိဗ္ဗာန် လက်ဆွေချီရေ ဟူ၍ အမည်ပေးခဲ့ကြောင်း သိရ၏။ ဓမ္မဝိလာသ ကျောက်စာများအပြင် သက္ကရာဇ် ၅၃၆ခု နန်းတက်သော ပုဂံ နရပတိစည်သူမင်းလက်ထက် ဒလမြို့ စီရင်စု ပတိပ္ပဓေယျရွာ ဇာတိ၊ရဟန်းမည် ရှင်သာရိပုတ္တရာ၊ တံဆိပ်အမည် ဓမ္မဝိလာသာ ပုဂ္ဂိုလ်သူမြတ် ဒလမြို့တွင် သီတင်းသုံးနေစဉ် မနုရင်းဓမ္မသတ်ကို မှီ၍ စီရင်သည့် ဓမ္မဝိလာသ ဓမ္မသတ်ကျမ်းကို တွေ့ရှိရ၏။ ဓမ္မဝိလာသ မထေရ်သည် ဓမ္မသတ်ကျမ်းကို ပြုရာမြန်မာဘာသာဖြင့် မဟုတ်၊ ပါဠိဘာသာဖြင့် ရေးသည်။ ထို ပါဠိကျမ်းမှ အနက်ပြန်သော မြန်မာကျမ်းသာ ကျန်ရစ်ခဲ့၍ မူလ ပါဠိကျမ်းကား ပပျောက်သွားသည်ဟူ၍ အချို့ ဆရာတို့ အယူရှိကြသည်။ ဓမ္မဝိလာသသည် မွန်ဘုန်းတော်ကြီး ဖြစ်သည်ကိုလည်းကောင်း၊ မွန်ဘာသာဖြင့် ဓမ္မဝိလာသဓမ္မသတ်ကျမ်း ရှိသေးသည်ကိုလည်းကောင်း ထောက်သော် ထိုအယူကား ယုတ္တိရှိတန် ရာ၏။ စကားအသုံးအနှုန်း ဝေါဟာရ ရွှေ့ပြောင်းခြင်းကိုထောက်သော် မြန်မာ ဓမ္မဝိလာသ ဓမ္မသတ်ကျမ်းသည် ပုဂံခေတ်ကို မမီ။ အတော်အတန် နောက်ကျမှ ရေးသားသော ကျမ်းဖြစ်သည် ဟုလည်း ယူဆရန်အကြောင်းရှိ၏။

ပုဂံခေတ်စာပေ၌ မည်သည့်အတွက်ကြောင့် လင်္ကာအရေးအသား နည်းပါးရသနည်း။ မည်သည့် အကြောင်းကြောင့် ကျောက်စာဖြင့် လင်္ကာများကို မရေးသားခဲ့သနည်း။ လင်္ကာကို မရေးနိုင်၍ ပေလော၊ သို့တည်းမဟုတ် မရေးလို၍ပေလော ဟူသော အမေးမျိုးတို့ကို မေးမြန်းကာ ဆင်ခြင်အပ်ပေသည်။ စင်စစ်အားဖြင့်  ပုဂံခေတ်ရှိ ရှေးလူဟောင်းတို့သည် လင်္ကာကိုမရေးတတ် ဟူ၍ကား မဆိုသာချေ။ ပရိမ္မ ထီးလှိုင်ရှင် ဘုရားကျောက်စာ၌ ဥဿလမည်၊ တန်လိုင်းပြည်ကိုဝ်၊ နည်နည်ညက်ညက်၊ ဖျက်ချေပြီးရှယ် ဟူ၍ လည်းကောင်း၊ လှည်းထောက်ဘုရားကျောက်စာ၌ အပြစ်ရှစ်ပါး၊ တန်ဆယ်ပါးလျှင်၊ ထင်ရှားမျက်မှောက်၊ ရောက်စေသော ဟူ၍လည်းကောင်း၊ နားတောင်းတပ်ဘုရား ကျောက်စာ၌ အမျိုဝ်းခုနှစ်ဆက်၊ ညက်ညက်ပြုန်း တီး၊ ပျက်စီးစေသော ဟူ၍လည်းကောင်း၊ ပုဂံကျောက်စာစကားပြေများ၌ တွေ့ရသော လင်္ကာကာရန်တို့ကို ထောက်ခြင်းဖြင့် သိသာနိုင်သည်။ ထိုသူတို့တည်ထားခဲ့သော အာနန္ဒာဘုရား၊ သဗ္ဗညုဘုရားတို့၏ ကြီးကျယ်ခမ်းနားဆန်းကြယ် ခိုင်မာပုံတို့ကို ကြည့်ရှု့ခြင်းအားဖြင့်လည်း ရှေးခေတ် မြန်မာလူမျိုးတို့၏ ဥာဏ်ရည်ဥာဏ် သွားသည် မည်မျှထက်မြက်ကြောင်း ထင်ရှား၏။ မြန်မာစာအရေးအသားသည် အစို့၊ အညှောက်ပေါက်စ ဖြစ်သောကြောင့် ဥာဏ်ထက်မြက်သည့်အလျောက် လင်္ကာကို ရေးသားမည်ဆိုပါက ထိုက်သင့်သလောက် ကောင်းမည် မှန်သော်လည်း သာလွန်အရေးကြီးသော စကားပြေအရေးအသားကိုသာ နိုင်နိုင်နင်းနင်း ရေးသားခြင်း ဖြစ်ပေသည်ဟု တွေးတောရာ၏။

တစ်နည်းအားဖြင့်လည်း ထိုပုဂံခေတ်၌ပင်သထုံပြည်မှ ပိဋကတ်သုံးပုံကိုပင့်ဆောင်လျက် ဗုဒ္ဓသာသနာ သည် ပုဂံပြည်သို့ ကူးပြောင်းကာအမြစ်တွယ်စပြုသည် ဖြစ်သောကြောင့် ရှေးယခင်က မိစ္ဆာအယူကို ယူမိမှားသူတို့သည် တရားအစစ်အမှန်ကို တွေ့ကြရလေပြီဟု သဘောပိုက်လျက် ယုံကြည် လေးမြတ်သူများ ဖြစ်ကြလေသည်။ လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရားပေါင်း ဟူ၍ပင် ပုဂံခေတ်ရှိ လူအပေါင်းတို့ တည်ခဲ့သော ဘုရား ပုထိုးတို့၏ များပြားကြောင်းကို စကားဆိုစမှတ် ပြုကြလေသည်။ ယင်းသို့ ဗုဒ္ဓသာသနာကို အထူးသဖြင့် ယုံကြည်အားထားကြသူများ ဖြစ်သည်အားလျော်စွာ လင်္ကာ၊ ရတု သီကုံးမှုတို့သည် ဂီတနှင့်သာ သက်ဆိုင် သဖြင့် ဘုရားကိုယ်တော်မြတ် ဟောကြားသော တရားတော်နှင့် မလိုက်လျောလေသောကြောင့် လင်္ကာကို အရေးအသား နည်းကြလေသည်ဟု ယူဆဖွယ်ရာလည်းဖြစ်၏။ အများအားဖြင့် ကျောက်စာများကို ရေးသား ရာ၌ စာသားကို ဘုန်းကြီးရဟန်းများက ရေးပေးပြီးမှ ကျောက်ပြားပေါ်တွင် စာထွင်းသမားက တစ်ဖန် ကူးရေး လေ့ ရှိသည်။ ယခုခေတ်၌ပင် ဘုရားပုထိုး၊ ဂူကျောင်း စသည်များကို တည်ဆောက်လှူဒါန်းပြီး ကျောက်စာ စိုက်ထူရာ၌ ကျောက်ပြားပေါ်တွင် စာထွင်းသမားကကူး၍ ရေးရန်အတွက် စာကိုစီကုံးရန် ဘုန်းကြီးရဟန်းများ အားတောင်းပန်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းကန်ဘုရား အစရှိသော အဆောက်အအုံတို့ကို လှူဒါန်းခြင်းသည် လောကုတ္တရာရေးဖြစ်သည်။ ထို လောကုတ္တရာရေးတွင် ရဟန်းတော်များသည် လူများထက် သာ၍ သိကျွမ်းနားလည်ကြသည်ဟု အယူရှိကြ၏။ ထိုနည်းအတူ  ပုဂံကောင်းစားသောခေတ်၌ များသောအား ဖြင့် ဘုန်းကြီးရဟန်းများက စာစီကုံးပေးရသည်ဖြစ်၍ လင်္ကာ၊ ရတုများကို ဂီတဟု သဘောပိုက်ကာ ရေးသား ခြင်းမပြုကြသဖြင့် ကျောက်စာတွင် စကားပြေများ၍ လင်္ကာမှာ မရှိသလောက် ပါးရှားရခြင်း ဖြစ်ပေသည်ဟု တွေးတော ရပေမည်။တစ်နည်းအားဖြင့်လည်း အကယ်၍ လင်္ကာကိုယခုတွေ့ရှိရသည်ထက် ကျောက်ပေါ်တွင် ဖြစ်စေ၊ပေပေါ်တွင်ဖြစ်စေ ပိုမိုကာရေးသားခဲ့ကြသည် ဖြစ်စေကာမူ၊ ပုဂံကောင်းစားသော ခေတ်နှစ်ပေါင်းရှစ်ရာကျော် လွန်မြောက်ခဲ့ပြီဖြစ်သောကြောင့် အချို့စာပေတို့သည် မုချ ပျောက်ပျက် ရပေမည်။ မြန်မာတို့သည် စစ်တိုက်ခိုက်ကြခြင်းကို ကြိုက်နှစ်သက်သူများ ဖြစ်ကြ၍ စစ်တိုက်ခိုက်ခြင်းဖြင့် ထီးကျိုးစည်ပေါင် မင်းပြောင်းမင်းလွှဲ ဖြစ်ကြသည့်အခါ စာပေတို့သည် ပျောက်ပျက်ကုန်ကြရပြန်၏။