Tuesday, August 6, 2013

ပေလေးပင် ရှင်လေးပါး

သက္ကရာဇ် ၈ဝဝပြည့်နှစ် အဝဘုရင် မိုးညှင်းမင်းတရား လက်ထက်တော်၌ တောင်တွင်းကြီးမြို့တွင် ထူးကဲစွာ တဘောင်ပေါ်လာသည်ကား -
ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့် စဝ့်လိမ့် လေး၊ အကိုက်လေးဘော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေး၊ ခူးလည်း ခူးလတ္တံ့၊ ကူးလည်း ကူးလတ္တံ့၊ မြူးလည်း မြူးလတ္တံ့
ဟူ၏။ တောင်တွင်းကြီးမြို့၌ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့ ပေါ်ထွန်းသည့် အချိန်ဝယ် ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ပေတောကြီးငါးရွာဝယ် ဖွံ့ဖြိုးသော ပေစို့ကြီးများ မြေမှ ပေါ်ထွက် တတ်လေသည်။ ပေ ဟူသည်ကား စာပေ နိမိတ်ဖြစ်သောကြောင့် ပေတစ်ပင်ပေါ်လျှင် စာပေ ကျမ်းဂန်တွင် အထူးသိမြင်နှံ့စပ်သော ကျမ်းတတ်ပုဂ္ဂိုလ် တစ်ယောက် ပေါ်ပေါက်မြဲတည်း။ ထိုသက္ကရာဇ် ၈ဝဝ ပြည့်နှစ်၌ပင် တောင်တွင်းကြီးမြို့မြောက်ဘက် မြို့လုလင်ရွာ၊ သတိုးထမ်းရွာ၊ မကျည်းယောင်ရွာများတွင် ပေစို့ကြီးလေးစို့ မြေမှပေါ်ထွက်လာရကား မြို့သူ မြို့သားတို့မှာ လွန်စွာဝမ်းမြောက်ကြလျက် ပေလေးပင် ရှင်လေးပါး ပေါ်ဦးတော့မည်တကားဟူ၍ ဥက္ကောဋေယျ ဖြစ်နေလေသည်။ ထိုပုဗ္ဗနိမိတ် ပြသည့်အတိုင်း သက္ကရာဇ် ၈၁၅ခုနှစ်တွင် ရှေ့နောက်ဖွားသန့် စင်ကြသော ပုဂ္ဂိုလ်များကား -
၁။    မြို့လုလင်ရွာ အဖဦးသောကြာ၊ အမိဒေါ်နှင်းဆီ၏ သားမောင်ဥက္ကာ၊ နောင်သော် ရှင်ဥတ္တမကျော်
၂။    မြို့လုလင်ရွာ အဖဦးကြည်၊ အမိ နတ်ထိန်းကြီးမယ်ဒွေ၏ သားမောင်ညို၊ နောင်သော်  ရှင်မဟာသီလဝံသ။
၃။    သတိုးထမ်းရွာ (မိဘမည်ရည် မသိ) ရှင်အုံးညို။
၎။    မကျည်းယောင်ရွာ (မိဘမည်ရည် မသိ) ရှင်ခေမာ တို့ပေတည်း။

မော်ကွန်းဟူသော ဝေါဟာရ

မော်ကွန်းဟူသော စကားသည် ပုဂံခေတ်ကပင် ရှိသည်။ ပုဂံမြို့ လေးထောင့်ကန်အရပ်၊ တက်နွှဲ အရပ်၊ စစ်ကိုင်းမြို့များတွင် တူးဖော်တွေ့ရှိရသော ရှေးဟောင်း ကျောက်စာများတွင် အမူကွန်း တင်သော အကြောင်းအရာများကို ရေးထိုးထားသည်။ ပုဂံမြို့ လေးထောင့်ကန်အရပ် မင်းဝိုင်းကျောက်စာ အရှေ့မျက်နှာတွင် မိဖုရားဖွားစောသည် ကျောင်း၊ ဥယျာဉ်၊ နွား၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများကို လှူသော အလှူစာရင်းကို အမူကွန်း တင်ထားကြောင်း ပြဆိုသည်။ ထိုကျောက်စာ စာကြောင်းရေ ၃၆-၃၇ တွင် -
သက္ကရာဇ် ၆၃၃ ခု အာသိန်နှစ် တန်ခူးလဆန်း ဆယ်ရက် သောကြာနိယ်အား မြတ်စွာသော အသ္ခိင် ဖွာဇဝ်၊ အလှူစာရင်း၊ ကျွန်ပြောက်ကြီး ထွက်တဝ်မူသော မင်းကြီးပြရုယ်။ အမူကွန်းတင်၏။
စသည်ဖြင့် ပြဆိုသော အကြောင်းအရာများကို ထောက်၍ အလှူပြုသော သက်ရှိသက်မဲ့ စာရင်းများကို ခိုင်ခံ့ထင်ရှားအောင် ရေးမှတ်ထားခြင်းကို အမူကွန်းတင်သည်ဟုပင် ခေါ်ကြောင်း ထင်ရှားသည်။ အမူကွန်းဟူသော စကားမှာ ရွှေ့လျှောပြောင်းလဲ၍ အဝခေတ်တွင် မော်ကွန်း ဝေါဟာရ ဖြစ်ပေါ်လာသည်ဟူ၍ ယူဆဖွယ်ဖြစ်သည်။ ဤကဲ့သို့ နောင်အစဉ်အလာ တည်တံ့ ခိုင်မြဲစွာ မှတ်သားနာယူနိုင်ကြစေရန် ရေးမှတ် ထားသော စာရင်းအင်းမျိုးကို စကားပြေဖြင့်သာ မဟုတ်ဘဲ ကဗျာလင်္ကာဖြင့်လည်း ဆင်တော်အကြောင်း၊ နန်းတော်အကြောင်း၊ လှေတော် အကြောင်း၊ စစ်ပွဲအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်း စသည်ကို နောက်အစဉ်အလာ ဥဒါန်းတွင်ရစ်အောင် ရေးသားစီကုံး ဖွဲ့နွဲ့ထားသည့် ကဗျာလင်္ကာများကို လည်း မော်ကွန်းကဗျာဟူ၍ပင် ခေါ်ကြလေသည်။

ရှင်ထွေးညို

ထိုပြည်စုန်မော်ကွန်းကို သက္ကရာဇ် ၈၃၄ခုနှစ်တွင် စစ်လျင်ထောင်မှူး ရှင်ထွေးညိုအမည်ရှိသော စာဆိုတော်က ဖွဲ့ဆိုခဲ့သည်။ ထိုစာဆိုတော်သည် အဝဘုရင် နရပတိကြီး ၈ဝ၄-၈၃ဝ လက်ထက်မှစ၍ ရွှေနန်းကြော့ရှင် နရပတိ ၈၆၃-၈၈၈ လက်ထက်တော်တိုင် စစ်သူရဲ တစ်ထောင်ပေါ်တွင် အုပ်ချုပ်ရသော ဗိုလ်မှူးကလေးဖြစ်သည်။ (စစ်လျင်ဟူသော စကားမှာ စစ်တပ်မတော်ကြီး၏ ရှေ့တော်မှ အဦးဆုံးထွက်ခွာသွားရသော ကင်းစမ်း စစ်တပ်မတော် ဖြစ်သည်။) ရှင်ထွေးညိုသည် ပြည်စုန်မင်းကြီးနှင့်အတူ ညီတော်မင်းကြီးစွာကို နှိမ်နင်းရာသို့ လိုက်ပါသွားပြီးလျှင် အပြန်တွင် ဤမော်ကွန်းကိုရေးသားသည်။ ဤမော်ကွန်းမှာ မော်ကွန်း မည်ကာမဟုတ်။ ရေလားအဖွဲ့ သဘောမျိုးအပါအဝင် ဖြစ်သည်။
နောက်နောင် ပေါ်ပေါက် လတ္တံ့သော ရေလားအဖွဲ့များ၏ ရှေ့တော်ပြေးလည်းဖြစ်သည်။ ဤမော်ကွန်းတွင် လိုရင်းအချက်ထက် မပိုလွန်စေဘဲ တိုတိုတုတ်တုတ်နှင့် ပေါ်လွင်ထင်ရှားအောင် ဖွဲ့ဆိုထားသည်။ ဖွဲ့နွဲ့ပုံမှာ လွန်စွာရှင်းလင်းပြတ်သားသည်။ ရာဇဝင် ဗဟုသုတကိုလည်း များစွာ ပေးပေသည်။ ဦးကုလားရာဇဝင်၊မဟာရာဇဝင်ကြီးတို့ကပင် ဤမော်ကွန်း လာ ရာဇဝင်ကြောင်းကို အထောက်အထားပြု၍ ကူးယူကြရကုန်၏။ ပုံစံပြရမည်ဆိုသော် ပြည်စုန် မော်ကွန်း စာပိုဒ်၄၂ တွင်-
    ပြည်ဆိပ်တူရူ၊ သဲကမ်းဖြူထက်၊ ထပ်တူတည်လျှင်၊ အိမ်ရှေ့မင်းနှင့်၊ ရန်တင်းရှာရှာ၊ နော်ရထာလျှင်၊     တောင်တာခံခံ၊ ရေကြောင်းရံ၍၊ ရဲစံကိုးကိုး၊ မင်းမျိုးမင်းဆွေ၊ တည်လေကြည်ဘက်၊  နိုင်ချင်ကြက်သို့၊     အဘက်သင့်စွာ၊ မတ်ရာတလိုက်၊ ရှမ်းပိုက်ရိုင်းရိုင်း၊ နဝင်းခိုင်းလျက်။
စသည်ဖြင့် ဖွဲ့နွဲ့ထားရာ ရာဇဝင်ဆရာများက -
မြို့တော်ကို လုပ်ကြံတော်မူမည် ခန့်ထားသော မူသည်ကား သားတော်အိမ်ရှေ့မင်း၊ သားတော် နော်ရထာတို့ကို တောင်ရှည်ကရေကြောင်း၊ ရံစေတော်မူ၏။ ရှမ်းတို့ကို နဝင်းက ရံစေတော်မူ၏။ အမှူးအမတ် အပေါင်းကား ပြည်မြို့ကို ပိတ်မိအောင် ရံစေပြီးလျှင်
ဟူ၍ ကူးယူထားသည်ကို တွေ့ရသည်။ ရှင်ထွေးညိုသည် ဧချင်းဆရာများ ကဲ့သို့ပင် မိမိ၏ မော်ကွန်း၌ မိမိ အရှင်သခင် ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို မြှောက်ချီ ချီးကျူးလိုသောကြောင့် -
နရာတံဆိပ်၊ လူ့ထိပ်နှစ်စုံ၊ ကာမဘုံကို၊ အုပ်ခြုံစိုးပြီး၊ တန်ခိုးမီးဖြင့်၊ ရောင်ညီးဝင်းဝင်း၊ လေးကျွန်း ချင်းသား၊ သေဠ်နင်းလူတွင်၊ စကြာရှင်နှင့်၊ အသွင်နိုင်းလျက်၊ ခိုင်းကြဘက်၍၊ အထက်နန်းမ၊ ဖွင့်လကလျှင်၊ သာလှတိုင်းကား၊ ရပ်ရှစ်ပါးမှ၊ ဝန်းလျားပြည်ထောင်၊ မင်းကုန်အောင်တို့၊ အာခေါင်ရိုညွှတ်၊ ပူဇော်လတ်သော်၊ အထွတ်ရွှေဘုန်း၊ နတ်နှင့်နှိုင်းသည်၊ ပွင့်တုန်းရှေးကျိုး သမ္ဘာတည်း။
စသည်ဖြင့် စကြာမင်းနှင့်နှိုင်းနှုန်း ဖွဲ့ဆိုထားသည်။ ဤမော်ကွန်းမှာ ခရီးသွားနေ့စဉ် မှတ်တမ်းကဲ့သို့လည်း ပြညွှန်ပေသည်။ မည်သည့်နေရာသို့ မည်မျှခရီးသွားရကြောင်း၊မည်သည့် နေရာတွင် မည်သည့်ကောင်းမှုတော်များကို ပြုခဲ့ကြောင်း  စသည်ဖြင့် မှတ်တမ်းများကိုလည်း ဖွဲ့ဆိုသေး၏။ ပြည်စုန်မင်း ဆိုက်ရောက်သော ခရီးစဉ်ကို အလစ်အဟင်း မရှိအောင် ပြဆိုသည်။ ထို့ပြင်လည်း ဗဟုသုတ ပွားများဖွယ်ရာဖြစ်အောင် လှေတော်၊ သမ္ဗန်၊ ကူရွပ်များအကြောင်းနှင့် စစ်ဆင်စစ်တက် ခန့်ခွဲပုံများကို ပြဆိုထားသည်မှာ ရှင်ထွေးညိုအား အထူးချီးမွမ်းဖွယ်ရာ ဖြစ်တော့၏။ ရှင်ထွေးညိုသည် ပြည်စုန်မော်ကွန်း တစ်ခုတည်းဖြင့် ကျော်စောသူ မဟုတ်။ ဆင်တော် မော်ကွန်းကိုလည်း ဦးစွာပထမ စတင်စပ်ဆိုသူဖြစ်၏။ ထိုမော်ကွန်းကား ရွှေစာတိုင် မည်သောဆင်ကို ဖွဲ့ဆိုသည်ဖြစ်၍ ရွှေစာတိုင်ဆင်တော်မော်ကွန်း ဟုတွင်၏။ ရွှေစာတိုင်ဆင်တော်မော်ကွန်းကို စာဆိုသူသည် သက္ကရာဇ် ၈၇၂ ခုနှစ် အဝ ဘုရင်ရွှေနန်းကြော့ရှင် လက်ထက်တွင် စပ်ဆိုသည်။ စာဆိုသည် ပြည်စုန်မော်ကွန်းမှာကဲ့သို့ ရွှေစာတိုင်မော်ကွန်း တွင်လည်း ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို ချီးကျူးလို၍ -
နွယ်ဆက်ဘေးလောင်း၊ မြစ်တော်ဟောင်းထက်၊ ရင့်ညောင်းမင်္ဂလာ၊ ပွားတက်ရာကို၊ ဗြဟ္မာနှစ်ယောက်၊ ဘိသိက်မြှောက်၍၊ ထွန်းတောက်ဥကင်၊ လှစ်ထွန်းရှင်သည်၊ မငင်ကျည်းလျှို၊ အလိုလိုလျှင်၊ မြင်းမိုရ်ထိပ်ဖျား၊ သိကြားနေတန်၊ ဝေဇယန်လည်း၊ မလွန်လှည့်ယောင်၊ ဆယ်ရပ်ပြောင်မျှ၊ ဝင်းရောင်မောက်မောက်၊ ရွှေတိုင်ဆောက်သို့၊ တောင်မြောက် ကြေညာ၊ ဆယ်မျက်နှာလည်း၊ အာဏာလျှံဘိ၊ ဘုန်းတော်ညို၍၊ နရပတိ၊ မည်ရှိသမိုက်၊ ခံတန်ထိုက်သည်။ ။ အုပ်ပိုက် ဇမ္ဗူကျွန်းခေါင်တည်း။
စသည်ဖြင့် အလွန်အကြူးစပ်ဆိုထားရာ၌ မိမိအရှင်သခင်၏ ဘုန်းတော်ကိုခိုလှုံ၍ ဖွဲ့ဆိုအပ်သည် ဖြစ်သောကြောင့် ရှင်ထွေးညိုကိုလည်း အပြစ်မဆိုသာ။ ရွှေစာတိုင်ဆင်တော်မော်ကွန်းကို ဖွဲ့ဆိုရာ၌ ရှင်ထွေးညိုသည် ငယ်ရွယ်စဉ်ကဖွဲ့ဆိုအပ်သော ပြည်စုန်မော်ကွန်း၏ အဆင့်အတန်းကိုမမီချေ။ ဆင်တော်မော်ကွန်းမှာ စကားဖွဲ့ဆိုပုံ ခမ်းနားသည်မှတစ်ပါး အခြားချီးမွမ်းဖွယ်ရာ အချက်မရှိ။ ပြည်စုန်မော်ကွန်းကား ဆင်တော်မော်ကွန်းထက် ရှင်းလင်းပြတ်သား၍ စကားလုံးပြောင်၏။ ဆိုလိုရင်း အချက်များလည်း ကွက်ကွက်ကွင်းကွင်း ပေါ်၏။ ဤသို့ ဖွဲ့နွဲ့ပုံ ကွာခြားရခြင်း အကြောင်းကား ပြည်စုန်မော်ကွန်းကို ရေးစဉ်၌ စာဆိုသူသည် မိမိ သေချာစွာ သိရှိရသော အကြောင်း၊ မိမိဝါသနာပါသော စစ်ပွဲများအကြောင်းနှင့် ပတ်သက်ရေးရ၍ ကဗျာ အာဘော် ကွန့်မြူးနိုင်သလောက် ကွန့်မြူးခဲ့၏။ ဆင်တော်မော်ကွန်းကိုကား အသက်အရွယ် ကြီးရင့်မှ ရေးရသည် ဖြစ်သော်ကြောင့် ကဗျာအဆင့်အတန်း ပိုမိုကောင်းမွန် သင့်ပါသော်လည်း မိမိ ကိုယ်တိုင် ထိထိရောက်ရောက် ကျွမ်းကျင်သော အကြောင်းအရာများကို ဖွဲ့နွဲ့စီကုံးရခြင်းမဟုတ်။ စိတ်ကူးစိတ်သန်းဖြင့် မှန်းဆထင်မြင်ကာ ဖွဲ့နွဲ့စီကုံးရသည်ဖြစ်ရကား ဆင်တော်မော်ကွန်းသည် ငယ်ငယ်က ရေးခဲ့သော ပြည်စုန် မော်ကွန်း၏ အခြေအနေကို မမီနိုင်ခြင်း ဖြစ်တန်သည်။

မော်ကွန်း

သက္ကရာဇ် ၈၃ဝ-၈၄၂ ခုနှစ် အဝ ရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသော မဟာသီဟသူရ လက်ထက်တွင် ပေါ်ပေါက်ထွန်းကားသည်။ သက္ကရာဇ် ၈၃၄ခုနှစ်တွင် မဟာသီဟသူရသည် ညီတော် ပြည်မြို့စား မင်းကြီးစွာနှင့် သာယာဝတီစား ဦးရီးတော်ကျော်စွာတို့ ဖောက်ပြန်ရိုင်းပျ ခြားနားကြသည်ကို နှိမ်နင်းရန် စကြာရွှေဖောင်တော်ဖြင့် ပြည်မြို့သို့ စုန်ဆင်း နှိပ်ကွပ်တော် မူရာတွင် ဖြစ်ပျက် တွေ့ကြုံရသော အကြောင်းအရာများကို ဖွဲ့နွဲ့စပ်ဆိုထားခြင်းကြောင့် ထိုမော်ကွန်းမှာ ပြည်စုန်မော်ကွန်း ဟူ၍ အမည်တွင်သည်။

ဧချင်း ဟူသော ဝေါဟာရ

ဧချင်း ဟူသည်မှာ မင်းသမီး၊ မင်းသားငယ်များအား ဧယင်တော် မင်္ဂလာဆင်ယင် ကျင်းပသည့် အခါများတွင် ပုခက်တွင်း၌သိပ်၍ ပုခက်ကိုလွှဲရင်း သီဆိုကျူးရင့် ချော့မော့ရသော ကဗျာဖြစ်၍ ဂီတသဘောမျိုးတွင် သက်ဝင်သော သီချင်းပင်ဖြစ်သည်။ ဂီတသီချင်းများသည် အင်းဝခေတ်တွင်မှ ပေါ်ပေါက်လာသည် မဟုတ်။ ရှေးပုဂံခေတ်ကပင်စ၍ ပေါ်ပေါက်လျက်ရှိသည်မှာ ယုံမှားဖွယ် မရှိ။ အဘယ်ကြောင့်ဟူမူရှေးဟောင်း ကျောက်စာများတွင် သီချင်းစာကိုယ်ကို မတွေ့ရငြားသော်လည်း သီချင်းသည်၊ ကချေသည်၊ စည်ကြီး ပန်တျာ ခွက်ခွင်းသည် စသော ဂီတနှင့်ပတ်သက်သည့် အသုံးအနှုန်း ဝေါဟာရများကို တွေ့ရှိရပေးသည်။ ဂီတ၊ သီချင်းတို့ မည်သည်မှာ စိတ်ရွှင်လန်း ဝမ်းမြောက်သည့်အခါများ၌ ဝမ်းတွင်းမှာ လှိုက်လှိုက်လှဲလှဲဖြစ်လာ၍ မျိုသိပ် အောင့်အည်း မထားနိုင်တော့ဘဲ ပါးစပ်မှ ထိုးဖောက်ထွက်လာရသော ကမ္ဘာ့နိယာမအသံပင်ဖြစ်၏။ ထို့ ကြောင့် ဤသီချင်း၊ ဂီတတို့သည် လူမှုဂီတ၊ သာသနာကိစ္စ၊ အိမ်တွင်းမှု ကိစ္စအများတို့တွင် လူတို့ နှလုံးရွှင်ပြုံး ပျော်မြူးကြစဉ် အလိုအလျောက် ဝမ်းတွင်းမှ ပေါ်ထွက်လာကြသော အသံ ဖြစ်ခြင်း ကြောင့် ဂီတသီချင်းတို့ မည်သည်မှာ လူရိုင်းတို့၌ဖြစ်စေ၊ လူယဉ်တို့၌ဖြစ်စေ လူမျိုးအလိုက် ရှိနေကြကြောင်းကို ချင့်ချိန်တွေးဆ ရာသည်။ ထိုကြောင့် သက္ကရာဇ် ၇ဝ၄-၇၁၃ ငါးစီးရှင်ကျော်စွာ လက်ထက်တွင် ကာချင်းဟူ၍ ခေါ်သော ဂီတသီချင်းများ ပေါ်ပေါက်လာကြောင်း ဖော်ပြခဲ့ပေပြီ။ ထိုကာချင်းများသည် ကာ ကရာတွင် ရွှင်မြူးသည့်စိတ်ဖြင့် သီဆိုကြသော သီချင်းများဖြစ်ကြ၏။ ရဲရင့်ခြင်း ဝီရ ရသဖြင့် ပြည့်စုံသောသီချင်းများဖြစ်ကြ၍ စစ်သည်တော် များကိုလည်း ရဲစိတ်ရဲမာန် သွတ်သွင်းပေးသောအားဖြင့် နှစ်ဖက်နှစ်လမ်း အကျိုးဖြစ်ထွန်းစေသော ဂီတသီချင်းမျိုးဖြစ်သည်။ ဧချင်းကဗျာသည်လည်း ဇာတိသွေး ဇာတိမာန် ရဲသွေးတို့ကို ကာချင်းများကဲ့သို့ပင် တက်ကြွ စေ၏။ သို့သော် ကာချင်းများကဲ့သို့ ရဲရည်ရဲသွေးများကို အပြေးအလွှား အကြမ်းအတမ်း လှုံ့ဆော် ပေးသည့် သဘောမျိုး ပါဝင်သော သီချင်းမျိုးမဟုတ်။ ဧကာရ န္တ နှင့် အစချီ၍ ဧကာရ န္တ အဆုံးသတ်ကာ ကြားရသူတို့ အလွန်သာယာ နာပျော်ဖွယ်ဖြစ်အောင် ဇာတိသွေး ဇာတိမာန်ကို တစ်မျိုး တစ်နည်းအားဖြင့် မြှင့်ပေးသည်။ သို့ဖြစ်ရကား သီချင်း၊ ကာချင်း၊ ဧချင်းတို့သည် တစ်ခုနှင့်တစ်ခု သဘောအားဖြင့် ဆက်နွှယ်လျက် ရှိကြ၏။ ဧချင်းကို  အိပ်မွေ့ချ ကလေးချော့ သီချင်း ဟူ၍လည်း ဆိုနိုင်သည်။ ဧကာရန္တနှင့်  အဘယ်ကြောင့် အစချီအဆုံးသတ်ရပါသနည်း ဟူမူ ဧကာရ န္တ မှာရွတ်ဆိုရာတွင် လွန်စွာချိုသာသောအသံ ဖြစ်သည်။ ဧကာရ န္တကို ကလေးချော့ရာ၌ အသုံးပြုသည်မှာ မင်းသမီး၊ မင်းသားများသာမဟုတ်။ ဆင်းရဲသူ ဆင်းရဲသား များပင် အသုံးပြုကြ၏။ ဆင်းရဲသားများ ကလေးချော့ရာ၌လည်း ဧ…..ဧ….. ဟူသော ကာရန်ဖြင့် ကလေးချော့ကြသောကြောင့်ဖြစ်၏။
 ဥပမာပြရမည်ဆိုသော် “ ဧ….ဧ….လူကလေးရဲ့အိပ်ပါဆို….ခိုဖမ်းလို့ပေး၊ ခိုဖြူ ခိုပြာနက်ကယ်နှင့် ဖမ်း ခက်လှသေး….’’ ဟူရာ၌ ဧနှင့်စ၍ ဧကာရ န္တ နှင့်ပင်အဆုံးချသည်။ ဧချင်းဆရာတို့သည် ဧချင်းကဗျာတွင် လူတို့၏စိတ်ကို လှုံ့ဆော်ပေးခဲ့လေသည်။ ထိုဧချင်း၏ လှုံ့ဆော်ပေးခြင်းကြောင့် မင်းသား၊မင်းသမီးတို့မှာ ဇာတိမာန် တဖွားဖွား တက်ကြွပြီးလျှင် မိမိတို့တိုင်းပြည်ကို ချစ်ကြရ တော့သည်။ အမျိုးကို ခင်ကြရတော့သည်။ ထို့ကြောင့် လူမျိုးခြားလက်အောက်သို့ မကြာခဏ သက်ဆင်းခြင်းခံရသော မြန်မာပြည်ကြီးကိုလည်း အကြိမ်ပေါင်းများစွာ ကယ်ဆယ်နိုင်ခဲ့ကြလေပြီ။ ထိုပြင် ဧချင်းအဖွဲ့၏ အကျိုးထူးတစ်ရပ်ကား ဧချင်းသည် ရာဇဝံသဉာဏ်ကို ပေးသည်။ ရာဇဝင်ကြောင်းကို ရေးသားဖော်ပြသဖြင့် ရာဇဝင်မပေါ်ပေါက်သေးသောခေတ်တွင် ဧချင်းကို အားကိုးအားထား ပြုကြရသည်။ နောက်နောင်တွင် ရာဇဝင်ဆရာတို့သည် ဧချင်းစာကိုယ်များမှ
ရာဇဝင် အထောက်အထားများ ရကြသည်။ ထိုကြောင့်ဧချင်းကား အဖိုးတန်လှပေသည်။

ရှင်သူရဲ၏ စစ်ချီရတုများတွင်


မြေသင်းသြဇာ၊ မွှေးနံ့သာတိ၊ ရံကာမကင်း၊ လေညင်းပျံ့ချို၊ နေညိုညိုငယ်၊ ဆွေညိုသူရဲ၊ မြခဲနှိုင်းရည်၊ နောင်စစ်သည်ကြောင့်၊ မျက်ရည်ရှုမူး၊ ပျံ့ပျူးညှိုးရော်၊ လာနိုးမျှော်၍၊ ချစ်ဘော်ကွဲပြား၊ မပြားငှက်သွင်၊ ဆွတ် ဆွတ်ကြင်မျှ၊ ရက်ပင်လများ၊ မြင့်ရှည်လျားသော်၊ ပျော်ပါးမဲ့ဆုံး၊ ကြာသို့ ရုံးသည်၊  ၊ နှလုံးအူသည်း နောင်သို့ စည်း။
စသည်ဖြင့် ရိုးရိုးနှင့်ယဉ်အောင် ဖွဲ့နွဲ့စပ်ဆိုနိုင်ပေသည်။

ထို့ပြင်လည်း အဖွဲ့အနွဲ့တွင် မိမိအမည်ရင်းကို ဖော်ပြ၍ ပထမဆုံးစပ်သူဖြစ်သည်။ သခင်ထွေး၏ ဧချင်းတွင်ကား -
ဘိုးဘေးမိဘ၊ သမ္မတက၊ အစအရင်း၊ ရှစ်သောင်းမင်း၏၊ အချင်းအတ၊ ပြည်ထောင်စကို၊ ချီချသာမော၊
ကျူးရင့်ပြောအံ့

ဟူ၍ ပဋိဥာဉ် ပြုထားပါသော်လည်း ဖွဲ့စပ်ရာ၌ သခင်ထွေးမင်းသမီးကလေး၏ အရင်းအချာ ဆွေတော် မျိုးတော်များလောက်ကိုသာ ဖွဲ့ဆိုသည်။ စာအဖွဲ့နွဲ့မှာ ရခိုင်မင်းသမီးဧချင်းထက် အနည်းငယ် စုံလင်သည်။ ဧချင်း စာကိုယ်တွင် ဘိုးတော်ဘေးတော်တို့ စစ်တိုက်ခိုက်ကြပုံ၊ ရန်အပေါင်းတို့ကို အောင်မြင်ကြပုံ၊ အခွန်ဘဏ္ဏာလက်ဆောင်များ ရရှိကြပုံတို့ကို ဖော်ပြခြင်းအားဖြင့် ဘုန်းတော်ကို ဖွဲ့ဆိုသည်။
တကဲတကဲ၊ ရှင့်ဘရဲ၍၊ ခြိမ်းမဲရိုက်ကြိုး၊ လက်ရုံးမိုးက၊ သတိုးသတိုး၊ ကြောက်စိုးရွံ့စို၊ ကျွန်းလုံးပြိုလျက်၊ အိုအိုလန့်ဖျပ်၊ ရင်တီးသပ်၍၊ ရန်စပ်ပြည်ထောင်၊ ကုန်အောင်သသူ၊ ဟူလင့်ဝှန်တက်၊ ကျိုက်ကျိုက်ပွက်မျှ၊ ထိုးဘက်တကာ၊ ကိုးကွယ်ရာလျှင်၊ ကြေညာအလှစ်၊ ခုံကြီးဖြစ်၏။ စင်စစ်အကယ်၊ မယုံဘွယ်တည့်၊ တောဝယ်မကျန်၊ တိရစ္ဆာန်ကျေးငှက်၊ အမိုက် လျက်တည့်၊ တက်သက်မြူုးခုန်၊ တောင်ဟုတ်ခတ်ဖြိုး၊ ရင့်ရူကြိုးလျက်၊ သာနိုးသာဝှန်၊ သတိုးကျွန်ဟု၊ တွန်တံသတတ်
အစရှိသည်ဖြင့် သတိုးကျော်၏ ဘုန်းတန်ခိုးတော် ထွန်းတောက်ပုံ၊ ငှက်တိရစ္တာန် များက ပင်လျှင် သတိုးကျွန်ဟူ၍ တွန်မြည်ပုံများကို ပြဆိုရာ၌ ရှင်သူရဲ၏ စိတ်ကူးကောင်းကြောင်းကို သိရှိရပေ၏။ ရှင်သူရဲ၏ ဧချင်းသည် ရခိုင်မင်းသမီး ဧချင်းထက် အနှစ်၂ဝနီးပါး လောက် နောက်ကျသည် ဖြစ်သော် လည်း ရှင်သူရဲသည် ရခိုင်မင်းသမီး ဧချင်းမှ အတုယူကာ စပ်ဆိုဖွဲ့နွဲ့သည်ဟူ၍ မစွပ်စွဲနိုင်ပေ။ ဧချင်း နှစ်စောင်ကို ယှဉ်ကြည့်သော် ဖွဲ့နွဲ့ပုံမှာ တစ်မျိုးစီဖြစ်ကြောင်း တွေ့ရှိရပေလိမ့်မည်။ အကယ်၍ ရှင်သူရဲသည် ရခိုင်မင်းသမီး ဧချင်းမှ အတုယူသည်ဖြစ်အံ့။ အကြံတူ နောက်လူကောင်းမြဲ ဟူသည့် အတိုင်း နောက်လူ ရှင်သူရဲ၏ စာများက စာသားအဖွဲ့အနွဲ့၊ အစီအစဉ်မှစ၍ ရခိုင်မင်းသမီးဧချင်းထက် သာလွန်ကောင်းမွန်ဖွယ်ရာ ရှိ၏။ ယခုမှာကား ထိုသို့မဟုတ်မူ၍ ရှင်သူရဲ၏ စာများတွင် စိတ်ကူး စိတ်သန်းကောင်းခြင်းမှတစ်ပါး ဖွဲ့နွဲ့ပုံ ဗန္ဓစကား အထားအသိုအစီအစဉ်တို့မှာ ရခိုင်မင်းသမီးဧချင်း ကို မမီပေ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း ဟုမူ ရခိုင်အမတ်ကြီး အဒူမင်းညိုသည် နန်းတွင်း၌ ကြီးပြင်းသူလည်း ဖြစ်၍ နန်းတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ခစားထမ်းရွက်ခြင်းဖြင့် အသက်မွေးရသူ ဖြစ်သောကြောင့် ကြမ်းကြမ်းတမ်းတမ်း စစ်အမှုထမ်းအလုပ်ဖြင့် အသက်မွေးရသော  ရှင်သူရဲ ထက် ဇာတိအားဖြင့် ပိုမိုယဉ်ကျေးသိမ်မွေ့သူ ဖြစ်ကြောင်းကား ယုံမှားဖွယ်ရာမရှိ။ ထိုသို့ သိမ်မွေ့သူသည် စာပေ အဖွဲ့အနွဲ့တွင်လည်း ဇာတိ အလုပ်အကိုင်ကိုလိုက်၍ သိမ်မွေ့နူးညံ့မည်ပင် ဖြစ်၏။ ရှင်သူရဲမှာကား ကြမ်းတမ်း ခက်ထရောရှိသော အလုပ်ဖြင့် အသက်မွေးရသူ ဖြစ်သောကြောင့် ပညတ်သွားရာ - ဓါတ်သက်ပါ ဟူဘိသို့ ကိုယ်အနေအထိုင်၊ အပြောအဆိုမှစ၍ ရိုးတိုးရိုင်းတိုင်း ကြမ်းကြမ်းတမ်းတမ်းကြီးပင် ဖြစ်တန်ရာသည်။ ထို့အတူ ရှင်သူရဲသည်လည်း စစ်အကြောင်းနှင့် ပတ်သက်သည့် ကြမ်းကြမ်းတမ်းတမ်း အဖွဲ့များတွင် အဒူမင်းညိုထက် သာ၍ မင်းခမ်းမင်းနား ဖွဲ့များတွင် အဒူမင်းညိုကို မမှီချေ။ သို့သော်ရှင်သူရဲက စိတ်ကူးသာ ကြောင်းကား ထင်ရှားပေ၏။ဒ သခင်ထွေး ဧချင်းတွင် သခင်ထွေး၏ ဇာတာ၊ စန်းလက်၊ ဂြိုလ်နေဂြိုလ်ထားများကိုလည်း ဖော်ပြသဖြင့် ပိုမိုပြည့်စုံသည်ဟု ဆိုရပေမည်။

Wednesday, July 31, 2013

သခင်ထွေး ဧချင်း

မြန်မာပြည်၌ တွေ့ရှိရသမျှသော ဧချင်းများတွင် ရှင်သူရဲဖွဲ့ဆိုသော ဧချင်းသည် အဟောင်းဆုံး ဖြစ် သည်။ ဧချင်းအဖွဲ့ခံသူသည် စလင်းသတိုးကျော်သမီးဖြစ်၍ သက္ကရာဇ် ၈၃၈ခုနှစ်တွင် ဖွားသန့်စင် သည်။ ထိုနှစ်၌ပင် ရှင်သူရဲက ဧချင်းကိုဖွဲ့သည်။ ရှင်သူရဲသည် ရှင်အမည်ခံသော်လည်း ရဟန်းပုဂ္ဂိုလ် မဟုတ်။ လူပုဂ္ဂိုလ်ပင်တည်း။ ဇာတိအားဖြင့် အဝမြို့သားဖြစ်၍ ဘုရင်နရပတိ လက်ထက်မှ ဒုတိယမင်းခေါင် လက်ထက်တိုင် စစ်အမှုထမ်းအဖြစ် ခစားဆောင်ရွက်သည်။ စစ်အမှုထမ်း အဖြစ် နှင့်လည်း  စစ်ချီမယ်ဘွဲ့၊ မောင်ဘွဲ့ ရတုများကို အမြောက်အမြား စပ်ဆိုခဲ့သည်။ ထိုစစ်ချီ ရတုများကိုလည်း ရှင်သူရဲကပင်လျှင် အစထွင်ခဲ့သည် ဟူ ၍ ယူဆဖွယ်ဖြစ်သည်။

ရှင်သူရဲ

အဒူမင်းညိုသည် ရခိုင်မင်းသမီးဧချင်းကို စပ်ဆိုပြီး၍ အနှစ်၂ဝကျော်ကာလသို့ ရောက်လတ်သော် မြန်မာပြည် အဝရွှေမြို့တော်တွင်လည်း ရှင်သူရဲ အမည်ခံ မြန်မာပညာရှိတစ်ဦးက သခင်ထွေးဧချင်းကို ဖွဲ့နွဲ့စပ်ဆိုလေသည်။

ရခိုင်မင်းသမီး ဧချင်း

အဒူမင်းညိုရေးသော ရခိုင်မင်းသမီးဧချင်းသည် အထင်အရှား တွေ့ရှိရသမျှသော ဧချင်းများတွင် အဟောင်းဆုံး ဖြစ်သည်။ ဧချင်းဖွဲ့ဆိုသောခုနှစ်ကိုကား အတိအကျမသိရ။ ဘစောဖြူမင်း နန်းတက်သော သက္ကရာဇ် ၈၁၇ခုနှစ်တွင်ပင် ဖွဲ့ဆိုပေရာမည်။ ထိုခေတ်ထိုအခါက ရခိုင်ပြည်တွင် မြန်မာစာပေ ထွန်းကားတိုးတက်လျက် ရှိနေကြောင်းမှာ များစွာအံဩဖွယ်ရာဖြစ်သည်။ မြန်မာပြည်က အားကျဖွယ်ကောင်းလှပေသည်။ အဘယ်ကြောင့် ရခိုင်ပြည်တွင် မြန်မာစာပေ ပွင့်လင်းနေရပါသနည်း ဟူမူ ရာဇဝင်ကျမ်းများအရ မင်းကြီးစွာစော်ကဲလက်ထက် သက္ကရာဇ် ၇၃၅ ခုနှစ်တွင် ရခိုင်အမတ်များ တောင်းပန်သဖြင့် မြန်မာဘုရင်မင်းမြတ်သည် မြန်မာဘုရင်ခံစောမွန်ကြီးကို ခန့်ထားသည်မှအစပြု၍ မြန်မာစာပေသည်လည်း ရခိုင်ပြည်တွင် ပွင့်လင်းပြန့်ပွားလျက် ရှိနေတော့သည်ဟူ၍ ယူဆဖွယ်ရာ ဖြစ်သည်။ ထိုနောင်ကာလများတွင် အဝပြည်မှ ကဗျာ့ဝိဒူများဖြစ်ကြသော ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောသာရတို့သည် ရခိုင်ပြည်သို့ ကြွရောက်သီတင်းသုံးကြ၍ ရတုစာအမြောက်အမြားပင်လျှင် ဖွဲ့နွဲ့ခဲ့ကြပေသေးသည်။ ထို့ကြောင့် ရခိုင်မင်းသမီးဧချင်း ဆရာသည်လည်း မြန်မာပညာရှိများနှင့် ဆက်ဆံဖူးဟန် တူသည်။ ထိုမင်းသမီးဧချင်းတွင် မင်းသမီး၏ဆွေတော်၊ မျိုးတော် အရင်းအချာများ၏ အစဉ်အဆက်နွယ်တော် ပြန့်ပွားလာပုံများကို ရှင်းလင်းစွာ ဖော်ပြသည်။ စကား အသွားအလာ ဖွဲ့နွဲ့ပုံမှာ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်ပေါ် ဧချင်းများလောက် ရာဇဝင်ကျောင်းတွင် မပြည့်စုံလှ၊ ဧချင်းအဖွဲ့မျိုးစေ့ကို  ချရုံမျှသာရှိသည်။ သို့သော် ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ရှင်းလင်း ပြတ်သားစွာ ဖွဲ့ဆိုနိုင်သည်။ ဧချင်းတွင် သုံးစွဲထားသော စကားလုံးများသည် သုတိသာယာ၍ ပေါ်လွင်သည့်ပြင် စပ်ပုံစပ်နည်းမှာလည်း ဧကာရ န္တနှင့် အစချီ၍ ဧကာရ န္တနှင့်အဆုံးသတ်သည်။

ဧဧပိမ့်နှစ်သိမ့်၊ အငြိမ့်အချမ်း၊ သူငယ်ဝမ်းဖြင့်၊ မြည်တမ်းပူဆာ၊ နိုးနာမရှိ၊ စက်ပျော်ဘိမျှ၊ သိန်းထိဘိုးခက်၊ ညံ့သက်ပင်ချည်၊ လျားနံရှည်နှင့်၊ နောက်ပြည်မင်းတို့၊ ခွန်ဆက်ပို့သား၊ နှစ်လို့ချင်စွာ၊ ခါသာသလင်း၊ အောက်နှီးခင်းလျက်၊ ပေါ်တင်းကြက်မွန်၊ ဗိတာန်ဆောင်းထား၊ ကိုးပါးရတနာ၊ စီချယ်မြွာလျက်၊ ရွှေပုခက်တွင်၊ ရွှေရွက် လူလူ၊ ရွှေချူသွင်သွင်၊ လက်ငင်တိုင်ငုတ်၊ မျှင်မျှင်ထုတ်၍၊ တမုတ်ကြိုးကိုင်၊ နှစ်ဘက်ဆိုင်သည်၊ ဧတိုင်ရိုက်ပျံ့ ပျူးတည့်လေ

ဟူသောအဖွဲ့ကို ကြည့်ရှုလျှင် အဒူမင်းညိုသည် ရှေးအခါက ပုခက်ဧယင်ကို မည်သို့ဆင်ယင်၍ မည်သို့ဆင်ယင်၍ မည်သို့ ဧယင်တော်ကျူးကြပုံကို ပေါ်လွင်သောစကားလုံးများဖြင့် ဗဟုသုတ ဖြစ်ဖွယ်ရာပြသခဲ့သည်။ ဧချင်းဆရာတို့မည်သည် ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို ချီးကျူး ဖွဲ့ဆိုကြစမြဲ ဖြစ်သောကြောင့် အဒူမင်းညို ကလည်း မိမိ၏အဖွဲ့တွင် -

ဝေသာလိဝယ်၊ ဇာတိဆဒ္ဒန်၊ မျိုးမှန်ဖြူလဲ့၊ တဆဲ့နှစ်စီး၊ ကျော်သီးထိုခါ၊ ကျော်ထင်စွာသား၊ မဟာမည်လှိုင်း၊ တိုင်းဒန္ဒရား၊ ကျောက်လှေကား​၌၊ သိကြားနတ်ပေး၊ လေးနှင့်သန်လျှက်၊ လက်နက်လှံပျံ၊ စေစားခံ၍၊ နွံတုံသောင်းနက်၊ ကိုးဆက်မင်းတိုင်၊ တုတ်ခွန်လှိုင်၏၊ ရိုက်တိုင်ထန်ကြိုး၊ မိုးဃ်းလည်းရတနာ၊ ရွာကာကာတည်း၊ မည်သာကျော်မွှန်း၊ ဥဒါန်း ဆောင်လွှား၊ စန္ဒရားဟု၊ ကြီးအားမြှောက်စည်၊ ကိုးဆက်တည်သည်၊ လူ့ပြည်ဘုန်းရှိန် စူးတည့်လေး

စသည်ဖြင့် အတိဝုတ္တဒေါသမှာ ကင်းလွတ်အောင် သွယ်ဝိုက်၍ ရေးသားဖွဲ့နွဲ့ထားလေသည်။a

Tuesday, July 30, 2013

အဒူမင်းညို

ရတနာပူရ အင်းဝမြို့၌ သက္ကရာဇ် ၈ဝ၄-၈၃ဝ တွင် စိုးစံတော်မူသော ဘုရင်နရပတိနှင့် သက္ကရာဇ် ၈၁၇-၈၄ဝ ခုနှစ်တွင် စိုးအုပ်တော်မူသော ရခိုင်ဘုရင် ဘစောဖြူတို့သည် ထီးပြိုင်နန်းပြိုင် ဖြစ်သည်သာမက စာပေတွင်လည်း စင်ပြိုင်ထောင်လျက် ရှိကြပေသည်။ အဘယ်ကြောင့်ဟူမူ ရခိုင်ပြည်တွင် ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော်ကို ရခိုင် ပညာရှိအမတ်ကြီး အဒူမင်းညိုက ဧချင်းဖွဲကဆိုသည့် အချိန်အခါ၌ အဝတွင်လည်း ပြည်စုံမင်းမြေးတော် (စလင်သတိုးကျော်) ၏  သမီး သခင်ထွေးကို မြန်မာပညာရှိရှင်သူရဲက ဧချင်းဖွဲ့ဆို သည်။

ပထမ မင်းခေါင်ကြီး

သက္ကရာဇ် ၇၆၃ခုနှစ် အဝဘုရင် ပထမမင်းခေါင်ကြီးသည် မြန်မာမှုကို များစွာအားပေးခဲ့သည်။ ကိုယ်တော်တိုင်ကပင် ကျေးစေရတုတစ်ပုဒ်ကို စပ်ဆိုခဲ့သည်။ ဤရတုသည် ကျေးစေမယ်ဘွဲ့ရတု ဖြစ်၍ စကား တန်ဆာဆင်ပုံမှာ ရိုးရိုးနှင့်ပင် စေ့စပ်ပြေပြစ်သည်။

နန္ဒဝန်လျှင်၊ အလွန်စည်ပင်၊ ကျင်လည်ဇာတိ၊ မွေးကျိုးရှိ၍၊ ထွန်းညှိအတောင်၊  စိမ်းရောင်သိင်္ဂ၊ ယုယ သိမ်မွေ့ ၊  ညီချစ်ကျေး
ဟူ၍ ကျေးငှက်ကလေး၏ ဇာတိကို ဖော်ပြပြီးလျှင် အာလုပ်ပြုသည်။
မင်းကြီး၏ အဖွဲ့အနွဲ့သည်လည်း မညံ့လှ ပေ။ မိန်းကလေးအား မှာကြားလိုက်ပုံမှာ -

မိန့်လိုက်သည်မူ၊ မဆည် နိစ္စ၊ နေ့နှင့်ညလည်း၊ ပျောင်းမျှဆွတ်သွယ်၊ သနားဘွယ်လျှင်၊ ပြုံးရယ်မရွှင်၊ မပြင်ရောင်ဆင်း၊ မိစိုးမင်းတို့၊ သံညှင်းတွေငေါ်၊ ရှင့်မောင်တော်ကား၊ ဖြေဖြော်ရလာ၊ လက်ဆောင် စာဟု၊ မကြာခင်လှည့်၊ ယူတတ်ကြည့်လည်း၊ မြေး၏မြဲငြား၊ မှာစကားဖြင့်၊ များများမဟ၊ မိန့်သမျှကို၊ မွေးဘရှင်မှာ၊ လျှောက်လိုက်ပါတော့
စသည်ဖြင့် ရိုးရိုးစကား အသွားအလာကလေးများဖြင့် ဖွဲ့နွဲ့ထားလေသည်။

၃။ အင်းဝခေတ်

သက္ကရာဇ် ၇၂၆ခုနှစ်တွင် အထက် တကောင်းမင်းရိုးဖြစ်သော သတိုးမင်းဖျားသည် စစ်သည်တော် အလုံးအရင်းနှင့် ရတနာပူရ အဝ ရွှေနန်းကို တည်ထောင်ဖန်ဆန်း ကြငှန်းဖွင့်တော်မူသည်။ ထိုသတိုးမင်းဖျား လွန်ပြီး နောက် မင်းကြီးစွာစော်ကဲ လက်ထက်သို့ရောက်သောအခါ -

မှတ်လော့ဗိုလ်ပါ၊ သာသနာစည်ရှည်၊ မြန်မာပြည်ကို၊ မူသည်မင်းတို့၊ ကွယ်ခြင်းထပြီ၊ မညီမညွတ်၊ ဖြစ်လတ်ချောက်ချား၊ ပျက်စီးများရကား၊ သိကြား နတ်မင်းစသည်၊ သာသနာကို ချီးပင့်နိုင်အံ့ သသူတို့ကို ကြည့်လတ်သောတည်း၊ ခန်းတရုတ်မင်းကြီးကို ထိုးဘက်မူ နိုင်ထသော သီဟသူရမည်သော ဆင်ဖြူသ္ခိင် မင်းကြီး၏

အစချီမှတ်သားဖွယ်ကောင်းသော ကျောက်စာတစ်ရပ်ကို တွေ့ရသည်။ ထိုကျောက်စာမှာ လင်္ကာ စကားပြေ နှစ်ထွေရောစပ် ရေးသားထားသည့်အပြင် “သီဟဇီဝှါ ၊ ခြင်္သေ့လျှာသို့” ဟူ၍လည်းကောင်း၊ “စုလစ်ဖျားကား၊ ငှက်သားလည်းကောင်း၊ ဥဒေါင်းတွန်သို့” ဟူ၍လည်းကောင်း ကောင်းမွန်သော ဥပမာတို့ဖြင့် တန်ဆာဆင်ကာ ရေးသားထားလေသည်။ ဤမျှမကသေး ဗိသုကာအခေါ်အဝေါ်နှင့် စပ်လျဉ်းသည့် စကားဝေါဟာရ အများအပြားပါရှိသောကြောင့်လည်း ဖတ်ရှု့သူတို့အား ဗဟုသုတ ပွားများစေလေသည်။ ဤသို့ ကျောက်သားပေါ်တွင် မှတ်သားဖွယ် ကောင်းသည့် အကြောင်းအရာ များကို လင်္ကာ စကာပြေဖြင့် စီကုံးထားသည်ကို ထောက်ရှု့ သော် ထိုကျောက်စာထက် အနည်းငယ်မျှ စောသော ပင်းယခေတ်ဆုံးလုနီးတွင် စတုရင်္ဂဗလအမတ်သည် မိမိ၏ ရတုကို ကျောက်ပေါ်တွင် မဟုတ်ဘဲ ပေပေါ်​၌သာ ရေရိုးရှိ၍ ရေးသားခဲ့သည်ဟူသောအချက်မှာ ယုံမှားဖွယ် မရှိချေ။

ရတုဟူသော ဝေါဟာရ

ရတုသည် လင်္ကာမှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ပင်ဖြစ်သည်။ သို့သော် လင်္ကာကဲ့သို့ မဟုတ်မူ၍ ဖွဲ့ဆိုရာ၌ စည်းစနစ်ဥပဒေရှိ၏။ လင်္ကာ၌ ပုဒ်ရေပေါင်း ဖွဲ့လိုသမျှ ဖွဲ့ဆိုနိုင်သည်။ အဖျားချတွင်လည်း စာလုံးရေ အကန့်အသတ်မရှိ။ ရတုတွင်ကား တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ်ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက်  ပိုမို၍လည်း မဖွဲ့နွဲ့ကြချေ။ တစ်ပိုဒ်တစ်ပိုဒ်တွင်လည်း ပဒေအရေအတွက်အားဖြင့် ၁ဝ၈ပဒထက်ပို၍ မဖွဲ့နွဲ့ကြချေ။ အဖျားချတွင်လည်း ခိုင်ညွှန့်ခက်ဖြာ ၇ လုံး၊ မဏိ ဆံကျင် ၉ လုံး၊ အာသာဝတီဝတ်ဆံ ၁၁ လုံး၊ မဏိဦးပြည်း ၁၅လုံး၊ ဇော်တစ်ခိုင်လုံး ၁၉လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် သီးသန့်ထားလျက် ရှိသည်။

ရတုဟူသည် သက္ကတဘာသာ ရိတုမှ ပျက်လာသော  ရတုလည်း ရှိသည်။ မြန်မာဘာသာ  ပေါရာဏ
သက်သက် ရတုလည်း ရှိသည်။  သက္ကတဘာသာရိတုမှာ အခါရာသီအနက်ရ၏။ မြန်မာဘာသာ ရတုမှာ သဘင်ဟူသောအနက် ၊ အခမ်းအနားဟူသော အနက်၊ အခြေအနေဟူသော အနက်၊ သုံးမျိုးရသည်။ ဤသို့ ဌာနအားဖြင့် သုံးစားကွဲပြားလျက်ရှိရာ အကြင်အဖွဲ့ တစ်ခုသည် အများနှင့် စပ်ဆိုင်လျှင် ထိုအဖွဲ့မျိုးမှာ သဘင်အနက်ရ၏။ အများနှင့်မစပ်ဆိုင်ဘဲ တစ်ဦးတစ်ယောက်တည်း အတွက်သာ စပ်ဆိုလျှင် အခမ်းအနား၊ ပကတိဖြစ်ထွန်းနေသည့် သဘာဝဓမ္မအခြေအနေများကိုပြလျှင် အခြေအနေသဘောပေါက်ရောက်သည်ဟု ယူဆ ကြ၏။

ပင်းယ ကောင်းစားသော ခေတ်တွင် တျာချင်း၊ ကာချင်းနှင့် ရတုများ မှတစ်ပါး အခြားလင်္ကာကဗျာ များကို မတွေ့ရသေးချေ။ ယင်းသို့ အလင်္ကာ တစ်စုံတစ်ခုကို မတွေ့ရခြင်းကြောင့်လည်း ထိုခေတ်၌ မရေးသားကြဟု မယူဆအပ်ပေ။ အကြောင်းမူကား စတုရင်္ဂဗလ အမတ်ကြီး၏ ရတုကဲ့သို့ နက်နဲသော ရတုကိုပင် ရေးသား နိုင်ပါလျက် အဘယ်ကြောင့် လင်္ကာကို မရေးနိုင်ဘဲ ရှိပါအံ့နည်း။  မုချ ရေးသားနိုင်ကြပေလိမ့်မည်။ ထိုရေးသားခဲ့သော လင်္ကာတို့သည် ထီးပြောင်းနန်းလွဲခြင်းကြောင့် သော်လည်းကောင်း၊ နှစ်ကာလပရိစ္ဆေဒ ကြာမြင့်ခြင်းကြောင့် သော်လည်းကောင်း ပျောက်ပျက်ကုန် ဟန်တူသည်ဟု တွေးတောရာ၏။
ရတုအရေးအသားအပြင် ပင်းယခေတ်၌ ကျောက်စာမျာကိုလည်း ရေးသားစိုက်ထူကြလေသည်။ ပုဂံ ခေတ်ကပင်လျှင် စကားပြေရေးသားခြင်းသည် များပြားခဲ့သဖြင့် ယခုပင်းယခေတ်တွင် ဆက်လက် ရေးသားသည့်အတွက် တစ်စထက်တစ်စ တိုးတက်လာသည်မှာ ယုံမှားဖွယ် မရှိချေ။ အကြောင်းတစ်ရပ်မှာလည်း စကားပြေထက် ခက်ခဲသောရတုကိုပင် ကောင်းမွန်စွာ ရေးသားနိုင်ခြင်းကို ထောက်ထားခြင်းအားဖြင့် မြန်မာစကား ဝေါဟာရများကို တစ်စထက်တစ်စ နိုင်နိုင်နင်းနင်း ရေးသား ပေလိမ့်မည်ဟု ယူဆဖွယ်ဖြစ်သည်။ ထိုခေတ်ရှိ ကျောက်စာတို့သည် အကြောင်းအရာအားဖြင့် ပုဂံခေတ်ရှိ ကျောက်စာများနှင့် မခြားနားကြ။ အများအားဖြင့် တူညီကြသည်။ ကျောင်း၊ ကန်၊ ဘုရား လှူကြောင်း၊ ကျေးကျွန်လယ်မြေ လှူကြောင်းများကို ထည့်သွင်း ရေးသားထားသည်။ ဥဇနာမင်း လက်ထက် သက္ကရာဇ် ၇ဝ၂ ခုနှစ်တွင် ဂူတည်၍ မြေလှူကြောင်းကို ကျောက်ထက်အက္ခရာ တင်ထားခဲ့၏။ ပင်းယ ကျော်စွာငယ် လက်ထက် သက္ကရာဇ် ၇၂၁ခုနှစ်တွင် ဘုရားကျောင်းကန် များကို တည်ထားဆောက်လုပ်၍ လယ်မြေများ လှူကြောင်းကို ကျောက်စာထိုးခဲ့၏။

နမော ဗုဒ္ဓါယ သိရိတြိဘဝနာဒိတျ ပဝရဓမ္မရာဇာ သီဟသုရမည်သော ဆင်ဖြူငါးစီး အသိခင်သား ဖြစ်ထသော ဖုန်းတန်ခိုဝ်း အသရေနှင့်ပြည့်စုံစွာသော ကျော်စွာမင်းကြီးသည် သူရဲများတွင် ငကာသည်ဟု မှတ်တော်မူသော ဟိန်စော်သူကြီး စတ္တလင်္ကသူသည် ရတနာသုံးပါနှိုက် နှလုံးသဒ္ဓါကြည်ညိုဝ်စစွာ ဖြစ်ရုယ်ဟိန်စေနှိုက် ဖွတ်စာတီ၊ ပင်းယနှိုက်ကား ကျောင်းရွှေဖုရား ၃ဆူ ပြုလစ်ရုယ် ကျော်စွာမင်းကြီးကိုဝ် မြင်းခွာဖြူ ၁စီး၊ ခြပ် ၁လုံး၊ လက်ဆောင်တော်ဆက်ရုယ်

စသည်ဖြင့် ရေးသားထားသည်ကို ထောက်ရှုသော် ဝါကျရှည်များကို ရေးသားလာကြောင်းကို တွေ့ရသည်။ နာမဝိသေသနပုဒ်များကို ဆင့်ကာထပ်ကာ သုံးထား၏။ “နှလုံးသဒ္ဓါ ကြည်ညိုဝ်စစွာ ဖြစ်ရုယ်” ဟူသော စကားသည် များစွာ သုံးနှုန်းပုံကောင်းသော စကားဖြစ်၏။ ပင်းယခေတ်တွင် ကျောက်စာ အများအပြားရှိသည်ဖြစ်ရာ ထိုကျောက်စာတို့ကို အကျယ်ဖော်ပြပါက များစွာ ရှည်နေ ပေလိမ့်မည်။ သို့ရာတွင် ပုဂံခေတ်ရှိ ကျောက်စာအရေအတွက်ကို ပင်းယခေတ်ရှိ ကျောက်စာ အရေအတွက်နှင့် နှိုင်းစာခဲ့ပါလျှင် ပုဂံခေတ်က အလွန်တရာ ပိုမိုများများကြောင်းကို တွေ့ရသည်။ ဤကဲ့သို့ အရေအတွက် နည်းသည့်အတွက် တစ်စုံတစ်ရာ အပြစ်ဆိုဖွယ်ရာ မရှိချေ။ ပင်းယကောင်းစားသောခေတ်သည် ပုဂံကောင်းစားသောခေတ်၏ သုံးပုံတစ်ပုံမျှသာ ကြာမြင့်သည်။ ကြီးစိုးသော မင်းတို့သည်လည်း ရှမ်းမင်းတို့ ဖြစ်ကြ၍ ဤမျှလောက်သော ကျောက်စာများကို တွေ့ရှိရခြင်းသည်ပင် ဝမ်းမြောက်ဖွယ်ဖြစ်သတည်း။

စတုရင်္ဂဗလအမတ်ကြီး ရေး ရတု

၁။  ရွှေဘဝါးတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊  ကြောက်ရွံ့လျက်ပင် ၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ဆင်စမ္ပယ်လျက် ၊နိကာယ်လုံးစုံ၊ ကျမ်းသုံးပုံဝယ်၊ အာရုံညွတ်ညွတ်၊ ပရမတ်ကို၊ အထွတ်ဘုန်းခိုင်၊ သိမြင့်နိုင်က၊ ကျော်လှိုင်ပေါက်ပြ၊ ကြားလကလျှင်၊ဘဝသုံးမည်၊ လူနတ်ပြည်၌၊ မည်သည်ကုသိုလ်၊ နှိုးဆိုမတန်၊ နိဗ္ဗာန်လက်လှမ်း၊ နန်းပွင့်ငြမ်းသည်၊ ရွှင်လမ်း ဝမ်းမြောက်တော်မူစေသော်ဝ်။
၂။  မင်း၏တရား၊ ကျင့်ဆယ်ပါးနှင့်၊ မမှားမယူ၊ နတ်လူပူဇော်၊ မင်းရဲကျော်ဝယ်၊ ကျွန်တော်ရင်းစစ်၊ အဖြစ်ရှေးဦး၊ ပါခဲ့ဘူးသား၊ ကျေးဇူးလိုက်လာ၊ မရဏသန်၊ ဇောငါးတန်လျှင်၊ လွန်၍ခုနှစ်၊ အဖြစ်သဘော၊ မဇောလေကောင်း၊ ဇောလေ ကောင်းတည်း၊ အကြောင်းထွေငေါ်၊ တနည်းသော်မူ၊ နိရော် အထွတ်၊ သမာပတ်ကို၊ လူနတ်ဗြဟ္မာ၊ ဝင်သောခါ၌၊ ချမ်းသာငြိမ်းမျှ၊ စံစားကြသား၊ နေဝသညာ၊ နာသ ညာယတနနှောင်း၊ ရကောင်းဘဝင်၊ ဖိုလ်နှင့်ပင်တည့်၊ သို့စင်ဟူ၍၊ အယူမသိ၊ ဝိစိကိစ္ဆာ၊  စွန်းသင်္ကာကို၊ ဥာဏ်ဝါ လင်းပြောင်၊ ထွတ်ဘုန်းခေါင်သည်၊ ပျောက်အောင်ဖျောက်တော်မူစေသော်ဝ်။
၃။  နာမ်နှင့်ရုပ်ကို၊ ပေါင်းချုပ်ကြွင်းမဲ့၊ သင်္ချာဖွဲ့သော်၊ တဆယ့်လေးကိစ္စ၊ ဆယ်ဌာနဖြင့်၊ ဒွါရခြောက်ထပ်၊ ခြောက်ရပ်အာရုံ၊ ခြောက်စုံဝိညာဉ်၊ ခြောက်စဉ်ဝီထိ၊ ဂတိငါးဖြာ၊ ရုပ်လေးမြွာနှင့်၊ ခန္ဓာအာယတန ဓာတ်၊ ဥပါဒ်ဌီဘင်၊ ဘဝင်ဇောစိတ်၊ နိမိတ်မကွာ၊ တဒါရမ္မဏ၊ အရထိုထို၊ ပုဂ္ဂိုလ်အပြား၊ ဝါကရားနှင့်၊ ဘုရားမြတ်မွန်၊ နိဗ္ဗာန်ယူနီး၊  မြေကြီးမိုဃ်းပြင်၊ ကောင်းကင်နှံ့သိ၊ စုတိတော်စိတ်၊ အတိတ်နှင်နှင်၊ သုံးပါးတွင်၌၊ ဘယ်လျှင်အာရုံ၊ ပြုတုံသနည်း၊ ရိုက်ကြည်းကျော်ဟိုး၊ နန်ပွင်းရိုးသည်၊  ၊ ဖြေရိုးကောက် တော်မူစေသောဝ်။

ဤရတုကို ကြည်ရှု့ပါလျှင် တောတောင်ရာသီဥတု၊ ချစ်ခင်ခြင်း မေတ္တာအစုတို့ကို ဖွဲ့နွဲ့သည်မဟုတ်။ လောကုတ္တရာသက်သက် တရားဘက်နှင့်ဆက်နွယ်ကာ ရေးသားထားသည်ကို တွေ့နိုင်ပေသည်။ “မရဏာ သန်၊ ဇောငါးတန်လျှင်၊ လွန်၍ခုနှစ်” အစရှိသော စကား၊ “နာမ်နှင့်ရုပ်ကို၊ ပေါင်းချုပ်ကြွင်းမဲ့၊ သင်္ချာဖွဲ့သော၊ တဆယ့်လေးကိစ္စ၊ ဆယ်ဌာနဖြင့်၊ ဒွါရခြောက်ထပ်” အစရှိသော စကားများသည် ဗုဒ္ဓဘာသာတွင် လေးနက်လှသော အဘိဓမ္မာတရားနှင့် ဆက်ဆံသော စကားများ ဖြစ်ကြ၏။ အဘိဓမ္မာတရားတော်တွင် ခဲရာခဲဆစ်များကို မေးမြန်းသည့် ဘာသာဖြင့် စကား အဆိုအမိန့် မှန်ကန်ညီညွတ်စွာ ရတု ရေးသားနိုင်ခြင်းမှာ မြန်မာစာပေသည် ပုဂံခေတ်ကထက်ထူး၍ တိုးတက်လာသည်ဟု ယူဆရန်အကြောင်းရှိ၏။ ထို့ပြင် ရေးသားထားသော ရတုသည်လည်း တိုတောင်းသည်မဟုတ်။ ပါဠိဘာသာများစွာ ပါဝင်လျက်ရှိ၏။ ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာတရားကို အလွန်အရေးယူ ဂရုပြုကြဟန်တူ၏။ မြန်မာစကားစစ်ကား များစွာမပါလှချေ။ သို့သော် ပါဝင်သော မြန်မာစကား တို့သည်ကား ရိုးရိုးနှင့် အဓိပ္ပာယ်ထင်လင်းအောင် ရေးသားထားသော စကားများ ဖြစ်ကြ၏။

၂။ ပင်းယခေတ်

ပုဂံပြည်သည် နောက်ပိုင်းတွင် တဖြည်းဖြည်းတစ်စတစ်စ အရှိန်တန်ခိုးမှိန်ညှိုးလျက်လာ၏။ သက္ကရာဇ် ၆၆ဝခုနှစ်လောက်တွင်မူကား ပုဂံပြည်ကြီးသည် ပြည်တွင်းရေးရာ မငြိမ်မသက် ဝါးအစည်းပြေသကဲ့သို့ ကစဥ့်ကလျားပျက်ပြားသည့် အခြေသို့တိုင် ရောက်လေ၏။ ကျော်စွာဘုရင်ကို ရှမ်းညီနောင် သုံးဦးတို့က နန်းချကွပ်မျက်လျက် မြန်မာပြည်၏ ဦးစွန်းမကိုဋ်ကို  ကိုယ်ပိုင် သိမ်းယူကြ၏။ ပုဂံပြည်တွင် ထီးနန်းမစိုက်တော့ဘဲ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းတွင် အဆက်ဆက်စိုးစံကြ၏။ သို့ဖြစ်သောကြောင့် ပုဂံပျက်စီးသည်မှ အင်းဝ တည်ထောင်သည့်အတွင်း ရှမ်းတို့ထွန်းကားသော နှစ်ပေါင်း ၆၆ နှစ်ခန့်မျှကို စာပေသမိုင်းအားဖြင့် ပင်းယ ကောင်းစားသည့်ခေတ်ဟူ၍ ခေါ်ဆိုသင့်၏။ ထိုပင်းယ ကောင်းစားသောခေတ်တွင် မြန်မာစာပေ၏ အခြေအနေကို ကြည့်ရှု့ပါလျှင် ဖွဲ့ပုံနည်း တိုးတက်လာကြောင်းကို ထင်ရှားစွာ သိသာနိုင်သည်။ ထိုခေတ်တွင် တျာဘွဲ့ သီချင်း၊ ကာချင်းနှင့် ရတု အရေးအသားများကို တွေ့ရှိရသည်။ ဂီတဘက်က လိုက်စားလာကြောင်း ထင်ရှားပေ၏။ သက္ကရာဇ် ၆၇၄ခုနှစ်တွင် ပင်းယ၌ နန်းတက်သော သီဟသူ လက်ထက်တွင် အမည်မသိ ပုဂ္ဂိုလ်ရေးသား သည့်     “ခါးပတ်တော်မှာ ရွှေချည်စုံ၊ မှိုင်းလုံးရွှေဝတ်လုံ၊ မလုံသာ ချမ်းအေး” အစရှိသော ကာချင်းသည် ရှေးပင်းယခေတ်တွင် အချို့သူတို့ ဝတ်ပုံဆင်ပုံ၊ ပြုမူသွားလာပုံကို ဖော်ပြထားသော သီချင်းဖြစ်သည်။ သက္ကရာဇ် ၇ဝ၄ခုနှစ်တွင် နန်းတက်သော မြင်စိုင်းငါးစီးရှင်ကိုယ်တိုင်က ဆိုသည့် "တာဝတိံသာ၊ နတ်ရွာလော၊ နတ် ရွာလော " အစချီသော ကာချင်းမှာ တိုတိုတုတ်တုတ် စပ်ဆို၍ထား၏။ ရာသီပန်းမန်နှင့် မြို့ပြ၏ အခြေအနေ ကို စပ်ဆိုသော အကြောင်းအရာများလည်း ပါရှိ၏။ ဤကာချင်းအပြင် သက္ကရာဇ် ၇ဝဝ ကျော်လောက်တွင် စတုရင်္ဂဗလအမတ်ကြီး ရေးသား သောရတုလည်း ရှိသေး၏။ ထိုရတုသည် ပေါက္ကံဆရာတော် သို့မဟုတ် ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော်အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာ ရတုဖြစ်၏။ ပေါက္ကံဆရာတော်က တစ်ဖတ်ပြန်၍ အဖြေရတု များကိုလည်း ရေးသားခဲ့သည်။ မြန်မာစာပေသည် မည်ကဲ့သို့သော အခြေအနေသို့တိုင် ရောက်ပြီကို သေချာစွာ သိသာနိုင်စေခြင်းမှာ စတုရင်္ဂဗလ အမတ်ကြီး ရေးသားသော ရတုကို ကောင်းစွာကြည့်ရှု့ဆင်ခြင် အပ်ပေသည်။

Monday, July 29, 2013

၁။ ပုဂံကျောက်စာခေတ်

မြန်မာစာပေ အရေးအသား၏ အစမူလကို ရှာဖွေလျှင် ကျောက်စာကို တွေ့ရှိရသည်။ စင်စစ်အားဖြင့် ကျောက်စာသည်ကား မြန်မာစာပေ၏ အုတ်မြစ်ကြီးသဖွယ်ပင်တည်း။ ထို့ကြောင့် မူလပင်ရင်း ဖြစ်သော ကျောက်စာကို သေချာစွာ စဉ်းစားဆင်ခြင်ကာ ကျောက်စာ ထွန်းကားရာဖြစ်သော ပုဂံ ကောင်းစားသည့် ခေတ်ကို တွေးရှု့သင့်သည်။ မြန်မာကျောက်စာများတွင် မြစေတီကျောက်စာကို အလေးမူ၍ ကောင်းစွာဆင်ခြင် စဉ်းစားရာ၏။ မြစေတီကျောက်စာကို ကျန်စစ်မင်း၏သား ရာဇကုမာ အမည်ရှိသော မင်းသားက သက္ကရာဇ် ၄၇၄ ခုနှစ်တွင် စိုက်ထူခဲ့သည်ဖြစ်၍ ခမည်းတော် အသည်းအသန် မကျန်းမမာ ဖြစ်သည့်အခါ ရွှေဆင်းတုတစ်ဆူ ပြုလုပ်၍လှူကြောင်းနှင့် ကျေးကျွန် လယ်မြေများကိုလည်း လှူကြောင်းတို့ကို စကားပြေဖြင့်ရေးသားထားသည်ကို တွေ့ရသည်။
ထို့ကြောင့် မြန်မာစာပေတွင် ကျောက်စာစကားပြေသည် ရှေးအကျဆုံးဖြစ်သည်ဟု ယူဆဖွယ်ဖြစ်၏။ မြန်မာဘာသာမျှမကသေး၊ အထက်ပါအကြောင်းအရာကို ပျူဘာသာဖြင့် လည်းကောင်း၊ ပါဠိ ဘာသာဖြင့်လည်းကောင်း၊ မွန်ဘာသာဖြင့်လည်းကောင်း ကျောက်စာတိုင်၏ အခြားသောသုံးမျက်နှာ အသီးသီးတွင် ရေးထိုးထားသည်ကို တွေ့ရှိရသည်။ သို့ဖြစ်၍ ထိုခေတ် ထိုအခါတွင် မြန်မာဘာသာအပြင် ပျူဘာသာ၊ ပါဠိဘာသာ၊ မွန်ဘာသာတို့ကိုလည်း ရေးသားသုံးစွဲကြောင်းကို သိသာ၏။ မြစေတီကျောက်စာကို စာပေဘက်မှနေ၍ ကြည့်ရှုပါမူ အရေးအသားမှာ ရှေးကျ၏။

ထိုမင်း၏ ပါယ်မယား တယောက်သော်ကား တြိလောကဝဋံသကာဒေဝီမည်၏။
ထိုပါယ်မယား သားတမူလည်း ရာဇကုမာရ် မည်၏။
ထိုမင်းကား ကျွန်သုံးရွာတည်း ပါယ်မယားအား ပေး၏။ *

[*    ကျောက်စာမှ အကိုးအကားတို့ကို အဖတ်လွယ်ကူစေခြင်းငှာ ယခုခေတ် စာလုံးပေါင်းဖြင့် ပြင်ဆင်သင့်သမျှ ပြင်ဆင်ပေးထားပါသည်။]

ဤကဲ့သို့သော ဝါကျတိုများကို  ထောက်သော် လိုရင်းအဓိပ္ပါယ်ကိုသိသာအောင် ရေးသားခြင်းမျှသာ ဖြစ်ကြောင်းသိရ၏။ စာအရေးအသားသည် ထိုခေတ်မှ အစပြုစဖြစ်သည့်အပြင် အခြားသော ဘာသာစကား များရှိနေခြင်းကြောင့်လည်း ဤသို့ဖြစ်ရသည်ဟူ၍ ယူဆထိုက်၏။ ယခုခေတ် မြန်မာစာပေ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့်လည်း အထက်ပါ အကြောင်းကို ထင်ရှားစွာသိသာနိုင်၏။ မြန်မာအမျိုးသားတို့သည် မြန်မာစကားပြေအပြင် အင်္ဂလိပ်စာကိုလည်း လေ့လာလိုက်စားနေရခြင်းကြောင့် မြန်မာစာပေဘက်တွင် ဂရုပြု ချင်သလောက် အချိန်မရကြပေ။ မြန်မာစာပေကို တစ်ဖက်သတ်သက်သက် ကြည့်ရှု့မှတ်သားလေ့ကျင့်သော သူတို့ကဲ့သို့ တတ်မြောက်နိုင်ရန် ခဲယဉ်း၏။ မြစေတီကျောက်စာ ရေးသားသော ခေတ်၌လည်း အခြား ဘာသာ အရေးအသားတို့က များပြားလျက် ရှိသည်ဖြစ်သတည်း။ သို့ရာတွင် ပုဂံခေတ်ရှိရှေးလူဟောင်း တို့သည် မဆုတ်မနစ်သောလုံ့လဖြင့် မြန်မာစာအရေးအသားကို ပြုလုပ်ကြလေသည်။ အကြောင်းသော်ကား မြစေတီကျောက်စာ ရေးသည်မှစ၍ နောက် ဆက်ကာဆက်ကာ ကျောက်စာများကို အနှံ့အပြား ရေးသား စိုက်ထူထားခဲ့သည်ကို တွေ့ရှိရသောကြောင့်ပင်ဖြစ်သည်။ ဤသို့ပင် မြန်မာစာပေ အရေးအသား ဝါကျ အစီအစဉ်တို့သည် လေ့ကျင့်ဖန်များသဖြင့်  တဖြည်းဖြည်း တစ်စတစ်စ တိုးပွား၍လာရပေတော့၏။ ဤ အကြောင်းကို သက္ကရာဇ် ၅၈၆ခုတွင် အနန္တသူဇနီးမောင်နှံတို့ စိုက်ထူခဲ့သော ကျောက်စာကို ကြည့်ခြင်းအား ဖြင့် သိသာနိုင်၏။

အနန္တသူရ်မောင်နှံနှစ်ယောက် ဤယ်လူတွင်နှိုက် အတိုင်းမသိသဒ္ဓါရုယ် ပြုသော ကောင်းမှုအကျိုး ဖြင့်ကား၊ ရေမြေ ခပ်သိမ်းသော အသ္ခိင်ဖြစ်သော မြတ်စွာသော မင်းကြီးစသော မင်းငီ၊ မင်းသား၊ မင်းသ္မီး၊ မင်းနှမခပ်သိမ်း၊ အမိ ပုရှား စသော မောင်းမတော် ခပ်သိမ်း၊ အမတ္တျာ စသော ဗိုလ်ဗာ ခပ်သိမ်း၊ သြက် အဝ စိယ် စသော အထက် ဖဝက်တိုင် သြင်၊ အတိုဝ့် စကြာဝဠာစသော အတိုင်း မသိသော  စကြာဝဠာနှိုက်နေ သော လူနတ် သတ္တွ ခပ်သိမ်းသ တိုဝ့်ကိုဝ် အကြွင်းမဲ့သဖြင့်၊ သင်္သရာ ဆင်းရဲမှ ထွက်မြောက်ခရုယ့် ဆင်းရဲမဲ့ သော နိရဗာန်ပြည်သိုဝ့် ရောက်စေချင်သောကြောင့်၊ ငါလည်း သိစပ်မြင်နှမ့်သော သဗ္ဗညုတဥာန် ပုရှားဆုကိုဝ် လိုဝ်ချင်သောကြောင့်၊ ဤအာမနာမည်သော ကန်အရပ်နှိုက်ကား များစွာသော ထန်းပင် ဘိလျာင် ကျောင်းအရံ စိုက်လတ်၍

ဟုရေးသားထားသဖြင့် မြစေတီကျောက်စာ ရေးသားပြီးနောက် နှစ်ပေါင်း ၁၁၁ခုနှစ်မျှ ကြာလျှင်ပင် မြန်မာစာအရေးအသား စကားအသွားအလာသည် မည်မျှကောင်းစွာ တိုးတက်လာကြောင်း ထင်ရှားပေသည်။

သက္ကရာဇ် ၆ဝ၄ ခုနှစ်သို့ ရောက်သောအခါမူကား စာအရေးအသားမှာ ရှေးကထက်ပင် တိုးတက် ကောင်းမွန်၍ လာခဲ့၏။ ရှင်ပင်ဗောဓိ ကျောက်စာတွင် -
သိခင် ညောင်ရမ်းကြီး သမီး မိမိအသက်နှင့် တူသော မျက်စေ့မျက်ဆန်နှင့်တူသော
မိမိချစ်စွာသောလင်
ဟု ရေးသားထားခြင်းကို ထောက်ရှု့ခြင်းအားဖြင့် ဥပမာ အနှိုင်းအခိုင်းများကို ထည့်သွင်းရေးသား လာကြောင်း ထင်ရှား၏။ သက္ကရာဇ် ၆၂၈ခု အာမနာကျောင်း ကျောက်စာတွင် သိင်္ဃသူ့သမီး၏ ဆုတောင်းများကို ဖတ်ရှု့ ခြင်းအားဖြင့် မြန်မာစာအရေးအသားသည် မည်သို့သောအခြေအနေသို့ ရောက်ရှိလာပြီကို သိသာနိုင်သည်။

သက္ကရာဇ် ၆၂၈ခု ပိသျှက်နှစ် နံကာလဆန်း ၇ ရက် ကြာသပတေးနေ့ မထီးလိုမြေး မင်းမယား သိင်္ဃသူ့သမီး  ၊ ဖ္လစ်သော ဆင်းရဲ၊ အိုဝ်မင်းသော ဆင်းရဲ၊ သေသော ဆင်းရဲ၊ မချစ်သောသူနှင့် အတူနေသော ဆင်းရဲ၊ ချစ်သောသူနှင့် ကွေကွင်းသော ဆင်းရဲ၊ လိုဝ်ရုယ်မရသော ဆင်းရဲ၊ဤသို့ကစသောအတိုင်းမသိသော ဆင်းရဲတိုဝ့်သည် နှိပ်စက်သောခန္ဓာကို စွန့်ထားခရုယ် ဆင်းရဲခပ်သိမ်းကင်းသော ချမ်းသာစွာသော မြတ်သော နိရဗန်ကိုဝ်လျှင် ငါလိုဝ်သတေးဟူရုယ် ချစ်စွာသောမြတ်သော ရွှေငွေကစသော ဥတ်စာတိုဝ့်ကိုဝ် စွန်ရှယ်ပြု သော ကျောင်းတွင် နေသော သတင်းသမာဓိ ပြညာဟူသော ကျေးဇူးသုံးပါးကိုဝ် ရှာသော သတင်းစင်သော ပုရှာတပည့်သား ရဟန်းသဃာင်္ ချမ်းသာစိမ့်သောငှာ လယ်ဥယဉ် ကျွန်ခခင်း အကြွင်းမယ့်လျှင် လှူ၏။ဤ ငါတိုဝ့်ပြုသောကောင်းမှုအကျိုး၊ အတို့ ခပ်သိမ်းသောကိုဝ် အစိုးရသော ရေမြေအသ္မိင်ဖြစ်သော မင်းကြီးလည်း ရစေဧအ်။ ဤယ်ကောင်းမှု အနုဘဝ်ဖြင့် ပြည်တိုင်းကား ခပ်သိမ်းသောနှိုက် နေသော လူခပ်သိမ်းသောဟအ် အစီးအပွား ချမ်းသာကိုဝ်ရှာပေလျက် သက်တောက်ရှည်စွာနေရုယ် ဤကောင်းမှုကိုဝ် ထောက်ပင့်စေသတည်း။ အရေအရံ ယူပါစေသတည်း။ ယမမင်းစသော သတ္တဝါခပ်သိမ်းလည်း ရစေသတေး။ အရအမိကိုဝ် လိုဝ်သော သူကား အရအမိ ရစေဧအ်။ကောင်းမှုကိုဝ်မှု လိုသောသူကား ကောင်းမှုကိုဝ်မူရစေဧအ်။ ငါလည်း ရံမက်ကြီး သော မရောင့်ရယ်တတ်သော အမျက်ကြီးသော သူတစ်ထူးကို ညှဉ်းဆယ်တတ်သော ပြညာမရှိသော မိုက်သော ဝန်တိုဝ်သော အပေးအကံးမရှိသော သစ္စာမရှိသော ပျက်တတ်သော မေ့လျဝ်သော သြမေ့ တသ ကင်းသော မဖြစ်မူရုယ်
စသည်ဖြင့် ရေးသားထား၏။

အထက်ပါအကြောင်းအရာများကို ထောက်ရှု့ခြင်းဖြင့် လှူဒါန်းသူ မိဖုရား၏ စိတ်နေသဘောထားကို နှိုင်းချင့်သိသာနိုင်၏။ မိမိ လှူဒါန်းသော ဒါနကုသိုလ်ကို သူတစ်ပါးအားလည်း ရစေလို၏။ သံသရာဝဲကြီးမှ လွှဲထွက်ချင်သော ဗုဒ္ဓဘာသာ စင်စစ်ဖြစ်ကြောင်း ထင်ရှား၏။ အလိုရမ္မက် အချက်ကင်းရှင်းလျက် သူတစ်ထူး အား စောင်မကြည့်ရှု့လိုသော စိတ်သာလျှင် ရှိ၏။ ဤသို့ တစ်ဦးဦး၏ အတွင်းစိတ်ဓာတ် သဘာဝတည်နေပုံ အခြင်းအရာကို သူတစ်ပါးတို့ ကွက်ကွက်ကွင်းကွင်း ထင်းလင်းပေါ်လွင် သိမြင်အောင် ရေးသားနိုင်ရန်လည်း လွယ်ကူသည် မဟုတ်ချေ။ တစ်စုံတစ်ခုသော ပုဂ္ဂိုလ်အထည်ဝတ္ထုတို့၏  ဖြစ်ပျက်သည့်အကြောင်း အတ္ထုပ္ပတ် ကို  ပြန်လှန်ရေးသားခြင်းထက် ခက်ခဲ၏။ ယင်းသို့ ခက်ခဲလှငြားသော်လည်း ဤ အာမနာကျောင်းကျောက်စာ တွင် အဓိပ္ပာယ်ပါပါနှင့် ထိထိခိုက်ခိုက် ရေးသားထားသည်ကို တွေ့ရှိရ၏။

ဤမျှမကသေး၊ သက္ကရာဇ် ၆၃၃ မင်းဝိုင်းကျောင်း ကျောက်စာ၏ကျောဘက်တွင် မိဖုရားဖွားစောသည် ဤသို့ ဆုတောင်း၏။
လူဖြစ်သော်ကား လူတကာထက် စည်းစိမ်ချံးသာ ငါရလိုဧအ်။ နတ်ဖြစ်သော်လည်း နတ်တကာထက် မြတ်သော နိုင်ငံသောအဆင်း အရောင်အဝါနှင့် ပြည့်စုမ်ရုယ် အထူးသဖြင့်လျှင် အသက်ရှည်သော အနာမယ့် သော အဆင်းလှသော အသံသာယာသောအလုံးအရုပ်လှသော လူ နတ်ခပ်သိမ်း ချစ်ခင်ရိုဝ်သေမြတ်နိုဝ်းသော ငါဖြစ်လို၏။ ရွှေငွေပတ်တမြား ပုလယ်း သန္တာက စသော အသက်မဲ့သော ဥတ်စာ၊ အသက်ရှိသော ဆင်မြင်းက စသော ဥတ်စာရတနာများစွာသော ငါဖြစ်လိုဝ်ဧအ်၊ ဖုန်းတန်ခိုဝ်းဖြင့် အနိုင်အငံ အခြံအရံ အကျော်အစော ကြီးစွာသော ငါဖြစ်လိုဝ်ဧအ်
စသည်ဖြင့် ရေးသားထား၏။

ဤကျောက်စာကို ထောက်ရှု့ခြင်းအားဖြင့် မိဖုရားဖွားစောသည် အထက်ဆိုခဲ့ပြီးသော သိင်္ဃသူ၏ သမီးနှင့် စိတ်ဓာတ်ချင်း တူပုံမရ။ မာန်မာန အနည်းငယ်ဖက်သည်ဟု ဆိုရချေမည်။ ဖြစ်လေရာရာတွင် လူတကာ၏ ထိပ်၊ နတ်တကာတို့၏ မကိုဋ်ဖြစ်လို၏။ ငါ - ငါဟူသော ဗုဒ္ဓဘာသာတရား၏ ဆန့်ကျင်ဘက် ဖြစ်သော သက္ကာယဒိဋ္ဌိ သံ၊ မာနသံတွေ ရောစွက်လျက်ရှိ၏။ ထို့ကြောင့် မိဖုရားနှစ်ပါးတို့၏ စိတ်ဓာတ်ကို ဖတ်ရှု့သူတို့ သိသာလောက်အောင် ကျောက်စာဖြင့် ဖော်ပြနိုင်သည်ကို ထောက်ရှု့ခြင်းအားဖြင့် မြန်မာစာ အရေးအသားသည် မြစေတီကျောက်စာ ရေးထိုးသည်မှစ၍ တဖြည်းဖြည်း တိုးတက်၍လာသည်မှာ မုချဖြစ်၏။ ပုဂံ ကောင်းစားသော ခေတ်တွင် အရေအတွက် များပြားလှစွာသော ကျောက်စာတို့ကို စိုက်ထူခဲ့ပေ၏။ ထိုကျောက်စာတို့ကို အကျယ်ဖော်ပြနေမည်ဆိုပါက ရှည်လျားအံ့စိုး၍ မရေးသားတော့ပြီ။ အထက်ပါ အကြောင်းအရာချုပ်ကိုသာ ကြည့်ရှု့ဆင်ခြင်ခြင်းအားဖြင့် မြန်မာစာအရေးအသားသည် မည်သို့တိုးတက်လာ ကြောင်းကို တွေးတောခန့်မှန်း၍ ယူကြရန်ဖြစ်တော့သည်။
စာပေပရိယတ္တိအပြင် အခြားဘက်တွင်လည်း ကျောက်စာသည် အသုံးဝင်၏။ ကျောက်စာကို ကြည့်ရှု့ ခြင်းဖြင့် ရှေးပုဂံခေတ်၏ အခြေအနေကို ကောင်းစွာခန့်မှန်းနိုင်၏။ ထိုခေတ် ထိုအခါက တိုင်းပြည်ကို မည်သို့ အုပ်ချုပ်သည်။ မည်သို့သော ရာထူးဌာနန္တရနှင့် လူများကို ခန့်ထားသည်၊ မည်သည့် အလုပ်အကိုင်များကို လုပ်ကိုင်ကြသည်၊ လူတို့ကို မည်သည့် အဆင့်အတန်းဖြင့် ခွဲခြားထားသည် စသည်တို့ကို ကောင်းစွာသိနိုင် သည်။ ထိုခေတ်ကပင်စ၍ မှူးမတ်၊ သေနာပတိတို့ ရှိကြောင်းကို လေးမျက်နှာဘုရားကျောက်စာ၌ ‘‘ မင်းကြီး မေတ္တျာ မဟာ သေနာပတိ’’ ဟူသောစကားက ထောက်ခံသဖြင့်  သိနိုင်၏။ လယ်မြေများကို ကြည့်ရှု့မှတ်သား ရသော လယ်မြေအရာရှိများ ရှိကြောင်းကိုလည်း တိုင်းချွတ်ဘုရား ကျောက်စာတွင် သံပျင်သေစရင်းတွင်လဲ ၂ဝ၊ သံပျင် ပု စရင်းတွင်လဲ ၁ဝ  ဟူ၍ လည်းကောင်း၊ ဓမ္မရံကြီး ကျောက်စာ၌ ကလာန်အိဖုဟ်တောင် ၊ ကလာန်လု ဟူ၍လည်းကောင်း တွေ့ရသဖြင့် သိသာနိုင်သည်။ မောင်းထောင်ဆရာတော် ရေးသားသော ရာဇသေဝကဒီပနီကျမ်း၌ ရွာတစ်ခုတည်းသာ ကြီးစိုးသော အမတ်ကို ကလန်၊ ရွာတစ်ခုထက်ပို၍အများအပြား ကြီးစိုးသော အမတ်ကို သံပျင် ဟူ၍ ပြဆိုသည်။ သို့ဖြစ်၍ ရှေးပုဂံခေတ်ကပင်လျှင် လယ်မြေများကိုကြည့်ရှု့ စာရင်းမှတ်ကာ ရွာကိုကြီးစိုးသော ကလန်၊ သံပျင် အရာရှိများ ရှိကြောင်း ထင်ရှားသတည်း။ ထိုပြင်လည်း စောရဟန်းသိမ် ကျောက်စာ၌ စာချီဗိုလ် ဟူ၍ပါရှိသော ဝေါဟာရကို ထောက်ထားခြင်းအားဖြင့် စာရေးကြီးများ ရှိကြောင်းကို သိနိုင်သည်။ ထိုခေတ် ထိုအခါ၌နေထိုင်ကြသူတို့၏ လုပ်ငန်းဆောင်တာများကို တွေးရှု့ပြန်လျှင် လည်း ရွှေထည်၊ ငွေထည်၊ ကြေးထည်မှစ၍ ပန်းချီ၊ ပန်းပု၊ ပန်းရန် စသောအလုပ်များကို ထင်ရှားစွာ တွေ့မြင် ရပေသည်။ ပုဂံမြို့ လေးထောင့်ကန်ရပ် လေးမျက်နှာကျောက်စာတွင် -
ထိုဝ်အပကား ရွှေမူရုယ့် ရတနာတိ အမျက်ခတ်သော၊ ထိုဝ်အပကား ဆင်စွယ်ပြုသော၊ ထိုဝ်အပ ကား  ကြေးနီပြုသော၊ ထိုဝ်အပကား ကျောက်ပြုသောပုထိုဝ်၊ ထိုတွင် ထည့်ပါသော ရွှေစမခန်း၊ ငွေစမခန်း ရွှေပေါက်ပေါက် ငွေပေါက်ပေါက် ရွှေတန်ဆောင် ငွေတန်ဆောင် တိုဝ့်ဖြင့် ပူဇော်ရုယ့် ထည့်လိုက်ဧအ်၊ ကျောက်ပုထိုဝ် ကိုဝ်ကား ဆေးရေးရုယ့် ကြေးခြည်နှင့် ခက်ဧအ်
ဟု ရေးသားထားသည်။

ဤကျောက်စာကိုထောက်ရှု့ခြင်းအားဖြင့် ရှေးခေတ်ကပင်လျှင် ရွှေထည်ငွေထည်လုပ်ငန်းဆောင်တာ များ  ထွန်းကားလျက် ရှိကြောင်းထင်ရှားစေသတည်း။  ။ဤလေးမျက်နှာ ကျောက်စာ၌ပင် “ဇာတ်ငါးရာလည်း အတင့်အတယ်ရေး၏” ဟူ၍ပါရှိသောစကားကို ထောက်ထားခြင်းအားဖြင့် ပန်းချီဆေးရေးခြင်းအမှုသည်လည်း  ထိုခေတ်ကပင် ရှိနေကြောင်း ထင်ရှား၏။ ပုဂံမြို့ရှိ အချို့ဘုရားများတွင် ရှေးနှစ်ပေါင်းရှစ်ရာကျော်မှ ရေးသား ခြယ်လှယ်ထားခဲ့သော ပန်းချီကားများကိုပင် ယခုတိုင် လတ်လတ်ဆတ်ဆတ် တွေ့ရှိနိုင်ပေသည်။ ထို့ပြင်  စည် ပတ်သာ စသော တူရိယာ ငါးပါးတို့ကို တီးကြမှုတ်ကြသူများလည်း ရှိကြ၏။ ကူနီဘုရား ကျောက်စာ တွင် -
ပဉ္စင်္ဂတုရ် မည်သော  စည် ညှင်းဖြင့် နှိုး ထ ထ သော စည်းစိမ်လိုဝ်ရကား၊ စည်ကြီးပန်တျာ ပြုသော စည်သည်ကား ငါသူစာ၊ ငါမတ်၊ ငါမရန်း၊ ငါဖုန်ဆုမ်၊ ပသာသည်ကား ငါသူရိ၊ ခွက်ခွင်းသည်ကာ ငါဖြူ
စသည်ဖြင့် ရေးသားသည်ကို အထောက်အထား ပြုနိုင်သည်။ မင်းဝိုင်းကျောင်း ကျောက်စာရှိ၊ အလှူစာရင်း… အမူကွန်းတင်၏။ ….သစ်တလာတွင် ထည့်၏။ ရွှေပေရှစ်ချပ်၊ ရွှေချည်ဖွဲ့၏။ သစ်ကျမ်းဆေးရေးတည်ဟူသော စကားတို့ကို ထောက်သော် ဆေးရေးအပ်သော သစ်ကျမ်းများ ရှိကြောင်းကို သိရ၏။

ကျောက်စာတိုင်းလိုလို၌ပင် လယ်မြေများအကြောင်း ပါရှိသည်။ သို့ဖြစ်၍ လယ်လုပ်ကာ အသက်မွေး မူကို ပြုလုပ်ကြသူများလည်း ရှိကြပေမည်မှာ ယုံမှားဖွယ် မရှိချေ။ ဘုရား၊ ဂူ၊ ကျောင်းများကို တည်ဆောက်ပြီး ကြသည့် အခါ ယောက်ျား မိန်းမပေါင်း များစွာတို့ကို ကျေးကျွန်အဖြစ်ဖြင့် ဘုရားတည်ထားသူက လှူဒါန်းလေ့ ရှိသဖြင့် ဘုရားကျွန်၊ ကျောင်းကျွန်၊ ပိဋကတ်ကျွန်များ ဖြစ်ကြရကုန်၏။ ထိုသူတို့မှ ဆက်နွယ် ပေါက်ဖွားကြ သော သားစဉ်မြေးဆက် ဟူသမျှတို့သည်လည်း ကျေးကျွန်ဘဝမှ လွတ်ကြမည် မဟုတ်တော့ချေ။ သို့ဖြစ်၍ ပုဂံခေတ်သည် ယခုခေတ်ကဲ့သို့ မဟုတ်။ ကျွန်မျိုးကျွန်နွယ်ဟူ၍ သီးခြားရှိမည်ဟု စဉ်စားတွေးတောဖို့ရန် ဖြစ်သည်။ လူများ သုံးစွဲကြသော ငွေကြေးမှာလည်း တစ်ကျပ်၊ နှစ်ကျပ် စသည်ဖြင့် ငွေစိုင် ငွေခဲကို ချိန်တွယ် ဖြတ်တောက်ကာ သုံးစွဲကြဟန် လက္ခဏာ ရှိသည်။ ကျပ် ချိန်ဖြင့် သုံးကြောင်းကို စူဋ္ဌာမဏိ ဘုရားမြောက်  လေးမျက်နှာ ဘုရားကျောက်စာ၌ -
ပန်းပယ်ပေးသလည်း ၄ ကျပ်၊ ကူရေးသော ပန်းချီပေးသလည်း
၇။ ကျောင်းရေးသော ပန်းချီပေးသလည်း ၁၂ဝ
စသည်ဖြင့် တွေ့ရှိရသည်။

ဤစကားရပ်၌ ပန်းပဲသမားကို လေးကျပ်ပေးရ၏။ ပန်းချီသမားကိုခုနှစ်ကျပ်ပေးရ၏ ဟူသောစကားကို တွေးရှုပါကပန်းပဲအတတ်သည်ပင်ပန်းစွာလုပ်ရသော်လည်း မပင်ပန်းသော ပန်းချီအတတ်လောက် အဖိုးမတန်ကြောင်း သိနိုင်သည်။ သို့ဖြစ်သောကြောင့် ကျောက်စာ ထွန်းကားသော ပုဂံခေတ်တွင် စီရင်အုပ်ချုပ်ခြင်းဘက်၌ ဘုရင်သည် အကြီးအမှူးဖြစ်လျက် သေနာပတိ၊ မှူးကြီးမတ်ရာ၊ မြို့စာ၊ ရွာစား၊ သံပျင်၊ ကလန်၊ စာချီ အစရှိ သည်တို့ အဆင့်ဆင့် အုပ်ချုပ်ကြကြောင်းကို တွေ့ရှိနိုင်သည်။ ဆင်းရဲသားများဘက်တွင် ရွှေထည်၊ ငွေထည်၊ ကြေးထည် အစရှိသော လုပ်ငန်းဆောင်တာများကို ပြုလုပ်သော ပန်းထိမ်သည်များ၊ ဆေးရေမွမ်းမံခြင်းကို ပြုလုပ်ကြသောပန်းချီသမားများ၊ သီးချင်းသည်များ၊တူရိယာတီးမှုတ်ကြသူများ၊ကချေသည်များနှင့်လယ်သမား များ ရှိကြပေလိမ့်မည်။ အနိမ့်ဆုံး အဆင့်အတန်း၌ကာ ဘုရားကျွန်၊ ကျောင်းကျွန်၊ ပိဋကတ်ကျွန်းတို့ပင် ဖြစ်ကြသတည်း။
ကျောက်စာများကို ရာဇဝင်ဘက်မှ တစ်ဖန် ကြည့်ရှုပြန်လျှင်လည်း အလွန် အသုံးဝင် အဖိုးထိုက်တန် ကြောင်းကို တွေ့ရှိရ၏။ မြစေတီကျောက်စာတွင် တြိဘုဝနာဒိတျဓမ္မရာဇာ ခေါ် ကျန်စစ်မင်းသားသည် သာသနာနှစ် ၁၆၈၂တွင် နန်းတက်သည်ဟု ဆို၏။ ထိုနှစ်သည် ကောဇာသက္ကရာဇစ် ၄၄၆ ခုနှစ် ကျရောက်၏။ ထိုသက္ကရာဇ်သည် နောက်ရေးသောမြန်မာရာဇဝင်တို့၌ ဖော်ပြသော ကျန်စစ်မင်း နန်းတက် သက္ကရာဇ်တို့နှင့် မညီညွတ်၊ မြစေတီကျောက်စာသည် မူလရှေးခေတ်ကပူပူနွေးနွေး ရေးထိုးခဲ့သော ကျောက်စာဖြစ်ခြင်းကြောင့် ဤထက် မှန်ကန်သော အကိုးအကားမှ မရှိသလောက် ရှားပါ၏။ ထိုပြင် ရှေးမင်းများ၏ ဇာတာတော်ပုံ ရာဇဝင် နှင့်တိုင်ဆိုင်ကြည့်သောအခါလည်း ထိုကျောက်စာပါ သက္ကရာဇ်နှင့် တူညီကြောင်းကို တွေ့ရှိရသည်။ သို့ဖြစ်၍  ကျန်စစ်မင်းသား နန်းတက်သက္ကရာဇ်အမှန်ကို ဤကျောက်စာက ဖော်ပြသည့်အတွက် ရာဇာဝင်လိုက်စာသူ တို့အဖို့ အထူးအသုံးဝင်လေသည်။ ထိုပြင် ဤသက္ကရာဇ်ကို ထောက်၍ အနော်ရထာ နန်းသက်ကုန်သည့်  သက္ကရာဇ်ကိုလည်း ဆက်လက်သိနိုင်သေးသည်။ ဤမျှမကသေး၊ ကျန်စစ်မင်းသား၏ နန်းစံနှစ်အမှန်ကိုကြည့်ရှု့ခြင်းအားဖြင့်အလောင်းသည်သူ၏နန်းတက်နှစ်ကိုလည်းဆက်လက်သိသာနိုင်၏။ ထိုပြင်မြစေတီကျောက်စာ၌ ရာဇာကုမာမည်သော မင်းသားသည် ကျန်စစ်မင်း၏ သားဖြစ်ကြောင်းကို ဆို၏။ ထိုမင်းသားကား တြိလောက ဝဋံသကာဒေဝီ အမည်ခံသော သမ္ဗူလ၏ သားပင်ဖြစ်သည်။ သို့ရာတွင် သမ္ဗူလသားအမိမှာ ကျန်စစ်မင်းကြီးက မြေးတော် အလောင်းစည်သူကို အိမ်ရှေ့နှင်းပြီးမှ သာလျှင်ပုဂံထီးနန်းသို့ တောအရပ်မှ ရောက်လာသဖြင့် ရာဇကုမာ မင်းသားသည်သားဖြစ်လျက်နှင့် ထီးနန်းမရ ဖြစ်လေသည်။ ဤကား ရှေ့ရှေ့က မင်းများထားမိ သော  ကတိကိုတည်ကြည်စောင့်ထိန်းခြင်းပင်ဖြစ်၏။ ကျန်စစ်မင်း၌ သားရှိကြောင်းကို မြစေတီကျောက်စာက ကောင်းမွန်စွာ ရှင်းလင်းပြဆိုပေးသတည်း။

ဒိသာပါမောက် ကျောက်စာကို ထောက်ထားခြင်းဖြင့်လည်း တရုတ်ပြေးမင်းလက်ထက်၌ တရုတ်လူမျိုး တို့သည် မြန်မာပြည်သို့ လာရောက်တိုက်ခိုက်၍သာ မြန်မာပြည် ပျက်ရသည်မဟုတ်။ အခြားပြည်တွင်းရန် တစ်ခုခုလည်း ရှိလိမ့်ဦးမည် ဖြစ်ကြောင်းကို တွေးရှုသိမြင်နိုင်သည်။ ဒိသာပါမောက်သည် ရဟန်းဖြစ်လျက်နှင့် တရုတ်ပြည်သို့ သံအဖြစ်ဖြင့် သွားရောက်ကာ မြန်မာပြည် တိုင်းရေးပြည်မှုကို ဆောင်ရွက်သည်ကို တွေ့ရသဖြင့် ရှေးခေတ်ကပင် ရဟန်းတော်များသည် တိုင်းပြည်ရေးရာလောကီမှုများတွင် ဝင်ရောက်ဆောင်ရွက် ကြောင်းကို သိသာနိုင်သည်။ ဇေယပွတ် ဘုရားကျောက်စာတွင် ဥဇနာမင်းသည် ဇေယပွတ်အမတ်အား မြေပေး၏။ အမတ်ကြီးသည် ထိုမြေကို ဘုရာအား လှူဒါန်း၏။ ကျစွာမင်းလက်ထက်တွင် ထိုမြေကို သိမ်းယူသ ဖြင့် ကျောင်းနေဘုန်းကြီးက ဘုရားကို လှူခဲ့ကြောင်းပြောဆိုသောအခါ မင်းကြီးက စုံစမ်း၍ ဟုတ်မှန်သဖြင့် ထိုမြေကို ပြန်ပေးရ၏။ ဤအကြောင်းကို ထောက်ထားခြင်းအားဖြင့် ရှေးခေတ်က ရဟန်းတော်များသည်များစွာ သြဇာတိက္ကမ ရှိကြောင်း ထင်ရှားပေသည်။ ယင်းသို့ သြဇာတိက္ကမ ရှိနေရခြင်း အကြောင်းမှာလည်းပုဂံပြည်သူ ပြည်သားများသည် ရတနာသုံးပါး၊ ဘုရား၊ တရား၊ ရဟန်းတော်များကို အလွန်တရာ ကြည်ညို လေးမြတ်ကြသောကြောင့် ဖြစ်၏။ ကြည်ညိုလေးမြတ်သည့် အတိုင်းလည်း တည်ဆောက်ခဲ့သော ဘုရားစေတီ ဂူကျောင်းတို့သည် ယခုခေတ်တိုင်အောင်ပင်များပြားတည်ရှိကြ၏။

ကျောက်စာများတွင်လည်းများသောအားဖြင့် ဘုရားပုထိုးများကို မည်သို့တည်ကြောင်း၊မည်မျှလောက်  ကျေးကျွန်လယ်မြေများကို လှူခဲ့ကြောင်း၊ မည်သည့်ဆုကို လိုချင်ကြောင်း၊ ဘုရားဖျက်ဆီးသူများအား မည်ကဲ့သို့သော အတိဒုက္ခတို့ကို တွေ့စေချင်ကြောင်း၊ ကောင်းမှုတော်များကို ချီးပင့်သောသူတို့ အဖို့ မည်သည့်ဆုများရစေလိုကြောင်း စသည့်တို့ကိုရေးသားထား၏။ အကယ်၍ ထိုအကြောင်းအရာ တို့အပြင် တိုင်းရင်ပြည်မှု စီရင်အုပ်ချုပ်ပုံနှင့် လူများ နေထိုင်ဆက်ဆံပုံ အကြောင်းများကိုလည်း အနှံ့အပြား ရေးသားထားမည်ဆိုပါက ကျောက်စာလိုက်စာသူတို့သည် ရှေ့ခေတ်အကြောင်းကို ယခုထက်ပင် တိုးတက်သိရှိနိုင်ရန် အကြောင်းရှိပေ သတည်း။

ပုဂံကောင်းစားသောခေတ်တွင် ကျောက်စာဖြင့် သီးခြားစွာ ရေးသားခဲ့သော ကဗျာလင်္ကာများကို  မတွေ့ရချေ။
သိုးကလေ၊ ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊
နံ့ရှား ကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ၊ ပန်းစကား။
ဟု ပထမပိုဒ်ချီ ပုပ္ပါးနတ်တောင်ဖွဲ့လင်္ကာ။
သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊
ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ဟု ပထမပိုဒ်ချီ အနန္တသူရိယ လင်္ကာတို့ကား ထင်ရှားလျက် ရှိကြ၏။ သို့သော် ကျောက်ပေါ်တွင် ရေးသားလျက် မတွေ့ရသဖြင့် ထိုကဗျာတို့ကိုမည်သည့် သက္ကရာဇ်တွင် ရေးသားသည်ဟူ၍ တပ်အပ်သေချာစွာ မသိရပေ။ သေချာစွာ ဆုံးဖြတ်ရန်လည်း မလွယ်ကူချေ။  ဒုတိယ ကဗျာကိုမူကား နရပတိစည်သူ မင်းကြီး လက်ထက် သက္ကရာဇ် ၅၃၆ ခုနှစ်တွင် မင်းယဉ် နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယ အမတ်သည် မင်းပြစ် ဒဏ် ရာဇသံကြောင့် သေရမည့်ဆဲဆဲတွင် ရေးသားခဲ့သော ကဗျာဖြစ်သည်ဟု အများယုံကြည်ကြ၏။မှတ်သား စံတင်လောက်သော တရားသဘောများ ပါရှိ၏။ ကိုယ်ခန္ဓာ စည်းစိမ်ဥစ္စာတို့၏ မမြဲတတ်သော အနိစ္စသဘော တရားသည် မှန်လှပေစွတကားဟု ရေးသားသည့်အခါ ထင်မြင်အောက်မေ့ဟန် လက္ခဏာရှိသည်။ သေရမည့်ဆဲဆဲတွင်ကိုယ်တိုင် ဒိဌတွေ့ကြုံရသည့်အကြောင်းကို စပ်ဆိုခဲ့ခြင်းကြောင့် စိတ်ဓာတ်ကိုထိခိုက် လောက်အောင် တိုတိုနှင့်ပင် ကောင်းလှ၏။ ထိုလင်္ကာ ၄ ပိုဒ်အစချီ အသီးသီးတို့သည် တစ်ခုနှင့်တစ်ခု တူညီကြသည်မဟုတ်။ အဆုံးချတွင်လည်း စကားရှစ်လုံးဖြင့် ရေးသားထား၏။ လင်္ကာသဘော အစစ်ဖြင့် စပ်ဆိုထားသည်ဟု ဆိုရချေမည်။ ပုပ္ပါးနတ်တောင်ဖွဲ့မှာကား အနန္တသူရိယ လင်္ကာနှင့် စပ်ဆိုပုံချင်းမတူ။ အစချီပုံ၊ အဆုံးချပုံတို့နှင့်တကွ ဖွဲ့နွဲ့ပုံအကြောင်းအရာ တို့မှာ ရတုသဘောသို့ များစွာသက်ဝင်နေခြင်းတို့ကြောင့် ပုပ္ပါးနတ်တောင်ဖွဲ့သည် ရတုဖြစ်သည်ဟု ခေါ်ဆို မှားမည် မဟုတ်ချေ။ ပုဂံခေတ်အဆုံး ပင်းယခေတ် တွင်ပေါ်ပေါက်သည့် ရတုဖြစ်တန်ရာ၏ဟု ယူဆရရှိသည်။ အချို့ကမူကား ထိုလင်္ကာပါစကားများ၏ အဓိပ္ပာယ် အရိပ်အမြွတ်ကို ထောက်၍ ပုဂံ၊ သေဉ်လည်ကြောင်ကြီးမင်း လက်ထက်တွင် ပေါ်ပေါက်ဟန် တူသည်ဟုယူဆကြ၏။
မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေးဧ
ကြည်စွာ ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ဌက်မျိုးစုံသည်၊
ဝတိံသာက၊ နန္ဒာလော၊ တူစွ ဟုတ္တာ။
ဤ မြကန်လင်္ကာသည်ကား လိုရင်းအဓိပ္ပါယ်ကို စကားတိုတိုဖြင့် ဖော်ပြသည့်ပြင်၊ ကျောက်စာ စကားပြေတွင်သုံးစွဲသော စကားအချို့တို့ ပါရှိခြင်းကြောင့် ပုဂံကောင်းစားသောခေတ်တွင် ရေးသောကဗျာဟု ယူဆရန်ရှိသည်။

ဤလင်္ကာနှင့်ပတ်သက်၍ စဉ်းစားရန် အကြောင်းတစ်ခုမှာ ဤသို့တည်း။ ပုဂံပြည်တွင် တူးရွင်းတောင် ခြေရင်းရှိမြကန်ကမ်းပါး၌ တည်ရှိသော မြကန်ကျောက်စာတိုင်တစ်ခု ရှိ၏။ ထိုကျောက်စာတိုင်၏ လေးမျက်နှာ ၌ ရေးထိုးထားသော မွန်ကျောက်စာကို ဖတ်ရှု့သော် ထိုကန်ကို ကျန်စစ်သားမင်းသည် ခပ်သိမ်းသော လူအပေါင်းတို့၏ အကျိုးငှာတူးပြီးလျှင် မဟာနိဗ္ဗာန် လက်ဆွေချီရေ ဟူ၍ အမည်ပေးခဲ့ကြောင်း သိရ၏။ ဓမ္မဝိလာသ ကျောက်စာများအပြင် သက္ကရာဇ် ၅၃၆ခု နန်းတက်သော ပုဂံ နရပတိစည်သူမင်းလက်ထက် ဒလမြို့ စီရင်စု ပတိပ္ပဓေယျရွာ ဇာတိ၊ရဟန်းမည် ရှင်သာရိပုတ္တရာ၊ တံဆိပ်အမည် ဓမ္မဝိလာသာ ပုဂ္ဂိုလ်သူမြတ် ဒလမြို့တွင် သီတင်းသုံးနေစဉ် မနုရင်းဓမ္မသတ်ကို မှီ၍ စီရင်သည့် ဓမ္မဝိလာသ ဓမ္မသတ်ကျမ်းကို တွေ့ရှိရ၏။ ဓမ္မဝိလာသ မထေရ်သည် ဓမ္မသတ်ကျမ်းကို ပြုရာမြန်မာဘာသာဖြင့် မဟုတ်၊ ပါဠိဘာသာဖြင့် ရေးသည်။ ထို ပါဠိကျမ်းမှ အနက်ပြန်သော မြန်မာကျမ်းသာ ကျန်ရစ်ခဲ့၍ မူလ ပါဠိကျမ်းကား ပပျောက်သွားသည်ဟူ၍ အချို့ ဆရာတို့ အယူရှိကြသည်။ ဓမ္မဝိလာသသည် မွန်ဘုန်းတော်ကြီး ဖြစ်သည်ကိုလည်းကောင်း၊ မွန်ဘာသာဖြင့် ဓမ္မဝိလာသဓမ္မသတ်ကျမ်း ရှိသေးသည်ကိုလည်းကောင်း ထောက်သော် ထိုအယူကား ယုတ္တိရှိတန် ရာ၏။ စကားအသုံးအနှုန်း ဝေါဟာရ ရွှေ့ပြောင်းခြင်းကိုထောက်သော် မြန်မာ ဓမ္မဝိလာသ ဓမ္မသတ်ကျမ်းသည် ပုဂံခေတ်ကို မမီ။ အတော်အတန် နောက်ကျမှ ရေးသားသော ကျမ်းဖြစ်သည် ဟုလည်း ယူဆရန်အကြောင်းရှိ၏။

ပုဂံခေတ်စာပေ၌ မည်သည့်အတွက်ကြောင့် လင်္ကာအရေးအသား နည်းပါးရသနည်း။ မည်သည့် အကြောင်းကြောင့် ကျောက်စာဖြင့် လင်္ကာများကို မရေးသားခဲ့သနည်း။ လင်္ကာကို မရေးနိုင်၍ ပေလော၊ သို့တည်းမဟုတ် မရေးလို၍ပေလော ဟူသော အမေးမျိုးတို့ကို မေးမြန်းကာ ဆင်ခြင်အပ်ပေသည်။ စင်စစ်အားဖြင့်  ပုဂံခေတ်ရှိ ရှေးလူဟောင်းတို့သည် လင်္ကာကိုမရေးတတ် ဟူ၍ကား မဆိုသာချေ။ ပရိမ္မ ထီးလှိုင်ရှင် ဘုရားကျောက်စာ၌ ဥဿလမည်၊ တန်လိုင်းပြည်ကိုဝ်၊ နည်နည်ညက်ညက်၊ ဖျက်ချေပြီးရှယ် ဟူ၍ လည်းကောင်း၊ လှည်းထောက်ဘုရားကျောက်စာ၌ အပြစ်ရှစ်ပါး၊ တန်ဆယ်ပါးလျှင်၊ ထင်ရှားမျက်မှောက်၊ ရောက်စေသော ဟူ၍လည်းကောင်း၊ နားတောင်းတပ်ဘုရား ကျောက်စာ၌ အမျိုဝ်းခုနှစ်ဆက်၊ ညက်ညက်ပြုန်း တီး၊ ပျက်စီးစေသော ဟူ၍လည်းကောင်း၊ ပုဂံကျောက်စာစကားပြေများ၌ တွေ့ရသော လင်္ကာကာရန်တို့ကို ထောက်ခြင်းဖြင့် သိသာနိုင်သည်။ ထိုသူတို့တည်ထားခဲ့သော အာနန္ဒာဘုရား၊ သဗ္ဗညုဘုရားတို့၏ ကြီးကျယ်ခမ်းနားဆန်းကြယ် ခိုင်မာပုံတို့ကို ကြည့်ရှု့ခြင်းအားဖြင့်လည်း ရှေးခေတ် မြန်မာလူမျိုးတို့၏ ဥာဏ်ရည်ဥာဏ် သွားသည် မည်မျှထက်မြက်ကြောင်း ထင်ရှား၏။ မြန်မာစာအရေးအသားသည် အစို့၊ အညှောက်ပေါက်စ ဖြစ်သောကြောင့် ဥာဏ်ထက်မြက်သည့်အလျောက် လင်္ကာကို ရေးသားမည်ဆိုပါက ထိုက်သင့်သလောက် ကောင်းမည် မှန်သော်လည်း သာလွန်အရေးကြီးသော စကားပြေအရေးအသားကိုသာ နိုင်နိုင်နင်းနင်း ရေးသားခြင်း ဖြစ်ပေသည်ဟု တွေးတောရာ၏။

တစ်နည်းအားဖြင့်လည်း ထိုပုဂံခေတ်၌ပင်သထုံပြည်မှ ပိဋကတ်သုံးပုံကိုပင့်ဆောင်လျက် ဗုဒ္ဓသာသနာ သည် ပုဂံပြည်သို့ ကူးပြောင်းကာအမြစ်တွယ်စပြုသည် ဖြစ်သောကြောင့် ရှေးယခင်က မိစ္ဆာအယူကို ယူမိမှားသူတို့သည် တရားအစစ်အမှန်ကို တွေ့ကြရလေပြီဟု သဘောပိုက်လျက် ယုံကြည် လေးမြတ်သူများ ဖြစ်ကြလေသည်။ လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရားပေါင်း ဟူ၍ပင် ပုဂံခေတ်ရှိ လူအပေါင်းတို့ တည်ခဲ့သော ဘုရား ပုထိုးတို့၏ များပြားကြောင်းကို စကားဆိုစမှတ် ပြုကြလေသည်။ ယင်းသို့ ဗုဒ္ဓသာသနာကို အထူးသဖြင့် ယုံကြည်အားထားကြသူများ ဖြစ်သည်အားလျော်စွာ လင်္ကာ၊ ရတု သီကုံးမှုတို့သည် ဂီတနှင့်သာ သက်ဆိုင် သဖြင့် ဘုရားကိုယ်တော်မြတ် ဟောကြားသော တရားတော်နှင့် မလိုက်လျောလေသောကြောင့် လင်္ကာကို အရေးအသား နည်းကြလေသည်ဟု ယူဆဖွယ်ရာလည်းဖြစ်၏။ အများအားဖြင့် ကျောက်စာများကို ရေးသား ရာ၌ စာသားကို ဘုန်းကြီးရဟန်းများက ရေးပေးပြီးမှ ကျောက်ပြားပေါ်တွင် စာထွင်းသမားက တစ်ဖန် ကူးရေး လေ့ ရှိသည်။ ယခုခေတ်၌ပင် ဘုရားပုထိုး၊ ဂူကျောင်း စသည်များကို တည်ဆောက်လှူဒါန်းပြီး ကျောက်စာ စိုက်ထူရာ၌ ကျောက်ပြားပေါ်တွင် စာထွင်းသမားကကူး၍ ရေးရန်အတွက် စာကိုစီကုံးရန် ဘုန်းကြီးရဟန်းများ အားတောင်းပန်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းကန်ဘုရား အစရှိသော အဆောက်အအုံတို့ကို လှူဒါန်းခြင်းသည် လောကုတ္တရာရေးဖြစ်သည်။ ထို လောကုတ္တရာရေးတွင် ရဟန်းတော်များသည် လူများထက် သာ၍ သိကျွမ်းနားလည်ကြသည်ဟု အယူရှိကြ၏။ ထိုနည်းအတူ  ပုဂံကောင်းစားသောခေတ်၌ များသောအား ဖြင့် ဘုန်းကြီးရဟန်းများက စာစီကုံးပေးရသည်ဖြစ်၍ လင်္ကာ၊ ရတုများကို ဂီတဟု သဘောပိုက်ကာ ရေးသား ခြင်းမပြုကြသဖြင့် ကျောက်စာတွင် စကားပြေများ၍ လင်္ကာမှာ မရှိသလောက် ပါးရှားရခြင်း ဖြစ်ပေသည်ဟု တွေးတော ရပေမည်။တစ်နည်းအားဖြင့်လည်း အကယ်၍ လင်္ကာကိုယခုတွေ့ရှိရသည်ထက် ကျောက်ပေါ်တွင် ဖြစ်စေ၊ပေပေါ်တွင်ဖြစ်စေ ပိုမိုကာရေးသားခဲ့ကြသည် ဖြစ်စေကာမူ၊ ပုဂံကောင်းစားသော ခေတ်နှစ်ပေါင်းရှစ်ရာကျော် လွန်မြောက်ခဲ့ပြီဖြစ်သောကြောင့် အချို့စာပေတို့သည် မုချ ပျောက်ပျက် ရပေမည်။ မြန်မာတို့သည် စစ်တိုက်ခိုက်ကြခြင်းကို ကြိုက်နှစ်သက်သူများ ဖြစ်ကြ၍ စစ်တိုက်ခိုက်ခြင်းဖြင့် ထီးကျိုးစည်ပေါင် မင်းပြောင်းမင်းလွှဲ ဖြစ်ကြသည့်အခါ စာပေတို့သည် ပျောက်ပျက်ကုန်ကြရပြန်၏။

Saturday, July 27, 2013

နိဒါန်း

သမိုင်းဟူသည် ရှေးရှေးက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စုပေါင်း၍ စကားပြေဖြင့်ဖြစ်စေ၊ လင်္ကာဖြင့်ဖြစ်စေ ရေးသားထားသည့် စာပေများ၏အမည် ဖြစ်သည်။ ဤသို့ဖြစ်သည်ကိုထောက်လျှင် ကျွန်ုပ်တို့ လက်ထက်မတိုင်မီက ပေါ်ပေါက်ထွန်းကားခဲ့သော မြန်မာစာစု၊ မြန်မာမှုများကို အစီအစဉ် နှင့်တကွ ဖော်ပြအပ်သော ဤစာအုပ်ကိုလည်း “မြန်မာစာပေသမိုင်း’’ ဟူသော အမည်ကိုပေးရန် အသင့်လျော်ဆုံးဖြစ်သည်ဟု ထင်မြင်မိ၏။

ပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈ - ၁၉၇၃)


ရန်ကုန်မြို့ အင်းစိန် ပေါက်တောရပ်၌ အဖ ဦးဖေ၊ အမိ ဒေါ်မြိုင်တို့က (၂၄ ဧပြီလ ၁၈၈၈) တွင် ဖွားမြင်သည် ။ မွေးချင်း (၆)ယောက်တွင် ပဉ္စမမြောက်ဖြစ်သည်။ ငယ်မည် မောင်ဘတင်၊ နောင်တွင် မောင်တင် မှသည် ဘေမောင်တင်၊ ဖေမောင်တင် ဟု အမည်ပြောင်းသည်။

မြန်မာစာပေသမိုင်းwebsite အစ


 မြန်မာစာပေသမိုင်း စာအုပ်ကို
၁၉၃၈ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇမ္ဗူ့မိတ်ဆွေတိုက်မှ စတင်ထုတ်ဝေခဲ့ပြီး သုဓမ္မဝတီတိုက်မှ ဒုတိယအကြိမ်အဖြစ် ၁၉၄၇ ၊ တတိယအကြိမ်အဖြစ် ၁၉၄၈ ၊ စတုတ္ထအကြိမ်အဖြစ် ၁၉၅၅ ၊ ပဉ္စမအကြိမ်အဖြစ် ၁၉၅၈ ခုနှစ်များတွင် ထုတ်ဝေခဲ့ကာ ၊ ဆဌမအကြိမ်အဖြစ် ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်များပုံနှိပ်တိုက်တွင် လည်းကောင်း ၊ သတ္တမအကြိမ်အဖြစ် အောင်စည်စာပေတိုက်မှ ၁၉၇၁ ခုနှစ်တွင် လည်းကောင်း ၊ အဌမအကြိမ်အဖြစ် စိန်ပန်းမြိုင်စာပေတိုက်မှ ၁၉၇၇ ခုနှစ်တွင် လည်းကောင်း ၊ စံပယ်ဦးတိုက်မှ နဝမအကြိမ်အဖြစ် ၁၉၈၇ ၊ ဒသမအကြိမ်အဖြစ် ၂ဝဝ၃ ခုနှစ်များတွင် လည်းကောင်း ၊ ဧကဒသမအကြိမ်အဖြစ် ၂ဝ၁၃ခုနှစ်တွင် ရာပြည့်စာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။