ဧချင်း ဟူသည်မှာ မင်းသမီး၊ မင်းသားငယ်များအား ဧယင်တော် မင်္ဂလာဆင်ယင် ကျင်းပသည့် အခါများတွင် ပုခက်တွင်း၌သိပ်၍ ပုခက်ကိုလွှဲရင်း သီဆိုကျူးရင့် ချော့မော့ရသော ကဗျာဖြစ်၍ ဂီတသဘောမျိုးတွင် သက်ဝင်သော သီချင်းပင်ဖြစ်သည်။ ဂီတသီချင်းများသည် အင်းဝခေတ်တွင်မှ ပေါ်ပေါက်လာသည် မဟုတ်။ ရှေးပုဂံခေတ်ကပင်စ၍ ပေါ်ပေါက်လျက်ရှိသည်မှာ ယုံမှားဖွယ် မရှိ။ အဘယ်ကြောင့်ဟူမူရှေးဟောင်း ကျောက်စာများတွင် သီချင်းစာကိုယ်ကို မတွေ့ရငြားသော်လည်း သီချင်းသည်၊ ကချေသည်၊ စည်ကြီး ပန်တျာ ခွက်ခွင်းသည် စသော ဂီတနှင့်ပတ်သက်သည့် အသုံးအနှုန်း ဝေါဟာရများကို တွေ့ရှိရပေးသည်။ ဂီတ၊ သီချင်းတို့ မည်သည်မှာ စိတ်ရွှင်လန်း ဝမ်းမြောက်သည့်အခါများ၌ ဝမ်းတွင်းမှာ လှိုက်လှိုက်လှဲလှဲဖြစ်လာ၍ မျိုသိပ် အောင့်အည်း မထားနိုင်တော့ဘဲ ပါးစပ်မှ ထိုးဖောက်ထွက်လာရသော ကမ္ဘာ့နိယာမအသံပင်ဖြစ်၏။ ထို့ ကြောင့် ဤသီချင်း၊ ဂီတတို့သည် လူမှုဂီတ၊ သာသနာကိစ္စ၊ အိမ်တွင်းမှု ကိစ္စအများတို့တွင် လူတို့ နှလုံးရွှင်ပြုံး ပျော်မြူးကြစဉ် အလိုအလျောက် ဝမ်းတွင်းမှ ပေါ်ထွက်လာကြသော အသံ ဖြစ်ခြင်း ကြောင့် ဂီတသီချင်းတို့ မည်သည်မှာ လူရိုင်းတို့၌ဖြစ်စေ၊ လူယဉ်တို့၌ဖြစ်စေ လူမျိုးအလိုက် ရှိနေကြကြောင်းကို ချင့်ချိန်တွေးဆ ရာသည်။ ထိုကြောင့် သက္ကရာဇ် ၇ဝ၄-၇၁၃ ငါးစီးရှင်ကျော်စွာ လက်ထက်တွင် ကာချင်းဟူ၍ ခေါ်သော ဂီတသီချင်းများ ပေါ်ပေါက်လာကြောင်း ဖော်ပြခဲ့ပေပြီ။ ထိုကာချင်းများသည် ကာ ကရာတွင် ရွှင်မြူးသည့်စိတ်ဖြင့် သီဆိုကြသော သီချင်းများဖြစ်ကြ၏။ ရဲရင့်ခြင်း ဝီရ ရသဖြင့် ပြည့်စုံသောသီချင်းများဖြစ်ကြ၍ စစ်သည်တော် များကိုလည်း ရဲစိတ်ရဲမာန် သွတ်သွင်းပေးသောအားဖြင့် နှစ်ဖက်နှစ်လမ်း အကျိုးဖြစ်ထွန်းစေသော ဂီတသီချင်းမျိုးဖြစ်သည်။ ဧချင်းကဗျာသည်လည်း ဇာတိသွေး ဇာတိမာန် ရဲသွေးတို့ကို ကာချင်းများကဲ့သို့ပင် တက်ကြွ စေ၏။ သို့သော် ကာချင်းများကဲ့သို့ ရဲရည်ရဲသွေးများကို အပြေးအလွှား အကြမ်းအတမ်း လှုံ့ဆော် ပေးသည့် သဘောမျိုး ပါဝင်သော သီချင်းမျိုးမဟုတ်။ ဧကာရ န္တ နှင့် အစချီ၍ ဧကာရ န္တ အဆုံးသတ်ကာ ကြားရသူတို့ အလွန်သာယာ နာပျော်ဖွယ်ဖြစ်အောင် ဇာတိသွေး ဇာတိမာန်ကို တစ်မျိုး တစ်နည်းအားဖြင့် မြှင့်ပေးသည်။ သို့ဖြစ်ရကား သီချင်း၊ ကာချင်း၊ ဧချင်းတို့သည် တစ်ခုနှင့်တစ်ခု သဘောအားဖြင့် ဆက်နွှယ်လျက် ရှိကြ၏။ ဧချင်းကို အိပ်မွေ့ချ ကလေးချော့ သီချင်း ဟူ၍လည်း ဆိုနိုင်သည်။ ဧကာရန္တနှင့် အဘယ်ကြောင့် အစချီအဆုံးသတ်ရပါသနည်း ဟူမူ ဧကာရ န္တ မှာရွတ်ဆိုရာတွင် လွန်စွာချိုသာသောအသံ ဖြစ်သည်။ ဧကာရ န္တကို ကလေးချော့ရာ၌ အသုံးပြုသည်မှာ မင်းသမီး၊ မင်းသားများသာမဟုတ်။ ဆင်းရဲသူ ဆင်းရဲသား များပင် အသုံးပြုကြ၏။ ဆင်းရဲသားများ ကလေးချော့ရာ၌လည်း ဧ…..ဧ….. ဟူသော ကာရန်ဖြင့် ကလေးချော့ကြသောကြောင့်ဖြစ်၏။
ဥပမာပြရမည်ဆိုသော် “ ဧ….ဧ….လူကလေးရဲ့အိပ်ပါဆို….ခိုဖမ်းလို့ပေး၊ ခိုဖြူ ခိုပြာနက်ကယ်နှင့် ဖမ်း ခက်လှသေး….’’ ဟူရာ၌ ဧနှင့်စ၍ ဧကာရ န္တ နှင့်ပင်အဆုံးချသည်။ ဧချင်းဆရာတို့သည် ဧချင်းကဗျာတွင် လူတို့၏စိတ်ကို လှုံ့ဆော်ပေးခဲ့လေသည်။ ထိုဧချင်း၏ လှုံ့ဆော်ပေးခြင်းကြောင့် မင်းသား၊မင်းသမီးတို့မှာ ဇာတိမာန် တဖွားဖွား တက်ကြွပြီးလျှင် မိမိတို့တိုင်းပြည်ကို ချစ်ကြရ တော့သည်။ အမျိုးကို ခင်ကြရတော့သည်။ ထို့ကြောင့် လူမျိုးခြားလက်အောက်သို့ မကြာခဏ သက်ဆင်းခြင်းခံရသော မြန်မာပြည်ကြီးကိုလည်း အကြိမ်ပေါင်းများစွာ ကယ်ဆယ်နိုင်ခဲ့ကြလေပြီ။ ထိုပြင် ဧချင်းအဖွဲ့၏ အကျိုးထူးတစ်ရပ်ကား ဧချင်းသည် ရာဇဝံသဉာဏ်ကို ပေးသည်။ ရာဇဝင်ကြောင်းကို ရေးသားဖော်ပြသဖြင့် ရာဇဝင်မပေါ်ပေါက်သေးသောခေတ်တွင် ဧချင်းကို အားကိုးအားထား ပြုကြရသည်။ နောက်နောင်တွင် ရာဇဝင်ဆရာတို့သည် ဧချင်းစာကိုယ်များမှ
ရာဇဝင် အထောက်အထားများ ရကြသည်။ ထိုကြောင့်ဧချင်းကား အဖိုးတန်လှပေသည်။