Tuesday, August 6, 2013

ပေလေးပင် ရှင်လေးပါး

သက္ကရာဇ် ၈ဝဝပြည့်နှစ် အဝဘုရင် မိုးညှင်းမင်းတရား လက်ထက်တော်၌ တောင်တွင်းကြီးမြို့တွင် ထူးကဲစွာ တဘောင်ပေါ်လာသည်ကား -
ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့် စဝ့်လိမ့် လေး၊ အကိုက်လေးဘော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေး၊ ခူးလည်း ခူးလတ္တံ့၊ ကူးလည်း ကူးလတ္တံ့၊ မြူးလည်း မြူးလတ္တံ့
ဟူ၏။ တောင်တွင်းကြီးမြို့၌ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့ ပေါ်ထွန်းသည့် အချိန်ဝယ် ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ပေတောကြီးငါးရွာဝယ် ဖွံ့ဖြိုးသော ပေစို့ကြီးများ မြေမှ ပေါ်ထွက် တတ်လေသည်။ ပေ ဟူသည်ကား စာပေ နိမိတ်ဖြစ်သောကြောင့် ပေတစ်ပင်ပေါ်လျှင် စာပေ ကျမ်းဂန်တွင် အထူးသိမြင်နှံ့စပ်သော ကျမ်းတတ်ပုဂ္ဂိုလ် တစ်ယောက် ပေါ်ပေါက်မြဲတည်း။ ထိုသက္ကရာဇ် ၈ဝဝ ပြည့်နှစ်၌ပင် တောင်တွင်းကြီးမြို့မြောက်ဘက် မြို့လုလင်ရွာ၊ သတိုးထမ်းရွာ၊ မကျည်းယောင်ရွာများတွင် ပေစို့ကြီးလေးစို့ မြေမှပေါ်ထွက်လာရကား မြို့သူ မြို့သားတို့မှာ လွန်စွာဝမ်းမြောက်ကြလျက် ပေလေးပင် ရှင်လေးပါး ပေါ်ဦးတော့မည်တကားဟူ၍ ဥက္ကောဋေယျ ဖြစ်နေလေသည်။ ထိုပုဗ္ဗနိမိတ် ပြသည့်အတိုင်း သက္ကရာဇ် ၈၁၅ခုနှစ်တွင် ရှေ့နောက်ဖွားသန့် စင်ကြသော ပုဂ္ဂိုလ်များကား -
၁။    မြို့လုလင်ရွာ အဖဦးသောကြာ၊ အမိဒေါ်နှင်းဆီ၏ သားမောင်ဥက္ကာ၊ နောင်သော် ရှင်ဥတ္တမကျော်
၂။    မြို့လုလင်ရွာ အဖဦးကြည်၊ အမိ နတ်ထိန်းကြီးမယ်ဒွေ၏ သားမောင်ညို၊ နောင်သော်  ရှင်မဟာသီလဝံသ။
၃။    သတိုးထမ်းရွာ (မိဘမည်ရည် မသိ) ရှင်အုံးညို။
၎။    မကျည်းယောင်ရွာ (မိဘမည်ရည် မသိ) ရှင်ခေမာ တို့ပေတည်း။

မော်ကွန်းဟူသော ဝေါဟာရ

မော်ကွန်းဟူသော စကားသည် ပုဂံခေတ်ကပင် ရှိသည်။ ပုဂံမြို့ လေးထောင့်ကန်အရပ်၊ တက်နွှဲ အရပ်၊ စစ်ကိုင်းမြို့များတွင် တူးဖော်တွေ့ရှိရသော ရှေးဟောင်း ကျောက်စာများတွင် အမူကွန်း တင်သော အကြောင်းအရာများကို ရေးထိုးထားသည်။ ပုဂံမြို့ လေးထောင့်ကန်အရပ် မင်းဝိုင်းကျောက်စာ အရှေ့မျက်နှာတွင် မိဖုရားဖွားစောသည် ကျောင်း၊ ဥယျာဉ်၊ နွား၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများကို လှူသော အလှူစာရင်းကို အမူကွန်း တင်ထားကြောင်း ပြဆိုသည်။ ထိုကျောက်စာ စာကြောင်းရေ ၃၆-၃၇ တွင် -
သက္ကရာဇ် ၆၃၃ ခု အာသိန်နှစ် တန်ခူးလဆန်း ဆယ်ရက် သောကြာနိယ်အား မြတ်စွာသော အသ္ခိင် ဖွာဇဝ်၊ အလှူစာရင်း၊ ကျွန်ပြောက်ကြီး ထွက်တဝ်မူသော မင်းကြီးပြရုယ်။ အမူကွန်းတင်၏။
စသည်ဖြင့် ပြဆိုသော အကြောင်းအရာများကို ထောက်၍ အလှူပြုသော သက်ရှိသက်မဲ့ စာရင်းများကို ခိုင်ခံ့ထင်ရှားအောင် ရေးမှတ်ထားခြင်းကို အမူကွန်းတင်သည်ဟုပင် ခေါ်ကြောင်း ထင်ရှားသည်။ အမူကွန်းဟူသော စကားမှာ ရွှေ့လျှောပြောင်းလဲ၍ အဝခေတ်တွင် မော်ကွန်း ဝေါဟာရ ဖြစ်ပေါ်လာသည်ဟူ၍ ယူဆဖွယ်ဖြစ်သည်။ ဤကဲ့သို့ နောင်အစဉ်အလာ တည်တံ့ ခိုင်မြဲစွာ မှတ်သားနာယူနိုင်ကြစေရန် ရေးမှတ် ထားသော စာရင်းအင်းမျိုးကို စကားပြေဖြင့်သာ မဟုတ်ဘဲ ကဗျာလင်္ကာဖြင့်လည်း ဆင်တော်အကြောင်း၊ နန်းတော်အကြောင်း၊ လှေတော် အကြောင်း၊ စစ်ပွဲအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်း စသည်ကို နောက်အစဉ်အလာ ဥဒါန်းတွင်ရစ်အောင် ရေးသားစီကုံး ဖွဲ့နွဲ့ထားသည့် ကဗျာလင်္ကာများကို လည်း မော်ကွန်းကဗျာဟူ၍ပင် ခေါ်ကြလေသည်။

ရှင်ထွေးညို

ထိုပြည်စုန်မော်ကွန်းကို သက္ကရာဇ် ၈၃၄ခုနှစ်တွင် စစ်လျင်ထောင်မှူး ရှင်ထွေးညိုအမည်ရှိသော စာဆိုတော်က ဖွဲ့ဆိုခဲ့သည်။ ထိုစာဆိုတော်သည် အဝဘုရင် နရပတိကြီး ၈ဝ၄-၈၃ဝ လက်ထက်မှစ၍ ရွှေနန်းကြော့ရှင် နရပတိ ၈၆၃-၈၈၈ လက်ထက်တော်တိုင် စစ်သူရဲ တစ်ထောင်ပေါ်တွင် အုပ်ချုပ်ရသော ဗိုလ်မှူးကလေးဖြစ်သည်။ (စစ်လျင်ဟူသော စကားမှာ စစ်တပ်မတော်ကြီး၏ ရှေ့တော်မှ အဦးဆုံးထွက်ခွာသွားရသော ကင်းစမ်း စစ်တပ်မတော် ဖြစ်သည်။) ရှင်ထွေးညိုသည် ပြည်စုန်မင်းကြီးနှင့်အတူ ညီတော်မင်းကြီးစွာကို နှိမ်နင်းရာသို့ လိုက်ပါသွားပြီးလျှင် အပြန်တွင် ဤမော်ကွန်းကိုရေးသားသည်။ ဤမော်ကွန်းမှာ မော်ကွန်း မည်ကာမဟုတ်။ ရေလားအဖွဲ့ သဘောမျိုးအပါအဝင် ဖြစ်သည်။
နောက်နောင် ပေါ်ပေါက် လတ္တံ့သော ရေလားအဖွဲ့များ၏ ရှေ့တော်ပြေးလည်းဖြစ်သည်။ ဤမော်ကွန်းတွင် လိုရင်းအချက်ထက် မပိုလွန်စေဘဲ တိုတိုတုတ်တုတ်နှင့် ပေါ်လွင်ထင်ရှားအောင် ဖွဲ့ဆိုထားသည်။ ဖွဲ့နွဲ့ပုံမှာ လွန်စွာရှင်းလင်းပြတ်သားသည်။ ရာဇဝင် ဗဟုသုတကိုလည်း များစွာ ပေးပေသည်။ ဦးကုလားရာဇဝင်၊မဟာရာဇဝင်ကြီးတို့ကပင် ဤမော်ကွန်း လာ ရာဇဝင်ကြောင်းကို အထောက်အထားပြု၍ ကူးယူကြရကုန်၏။ ပုံစံပြရမည်ဆိုသော် ပြည်စုန် မော်ကွန်း စာပိုဒ်၄၂ တွင်-
    ပြည်ဆိပ်တူရူ၊ သဲကမ်းဖြူထက်၊ ထပ်တူတည်လျှင်၊ အိမ်ရှေ့မင်းနှင့်၊ ရန်တင်းရှာရှာ၊ နော်ရထာလျှင်၊     တောင်တာခံခံ၊ ရေကြောင်းရံ၍၊ ရဲစံကိုးကိုး၊ မင်းမျိုးမင်းဆွေ၊ တည်လေကြည်ဘက်၊  နိုင်ချင်ကြက်သို့၊     အဘက်သင့်စွာ၊ မတ်ရာတလိုက်၊ ရှမ်းပိုက်ရိုင်းရိုင်း၊ နဝင်းခိုင်းလျက်။
စသည်ဖြင့် ဖွဲ့နွဲ့ထားရာ ရာဇဝင်ဆရာများက -
မြို့တော်ကို လုပ်ကြံတော်မူမည် ခန့်ထားသော မူသည်ကား သားတော်အိမ်ရှေ့မင်း၊ သားတော် နော်ရထာတို့ကို တောင်ရှည်ကရေကြောင်း၊ ရံစေတော်မူ၏။ ရှမ်းတို့ကို နဝင်းက ရံစေတော်မူ၏။ အမှူးအမတ် အပေါင်းကား ပြည်မြို့ကို ပိတ်မိအောင် ရံစေပြီးလျှင်
ဟူ၍ ကူးယူထားသည်ကို တွေ့ရသည်။ ရှင်ထွေးညိုသည် ဧချင်းဆရာများ ကဲ့သို့ပင် မိမိ၏ မော်ကွန်း၌ မိမိ အရှင်သခင် ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို မြှောက်ချီ ချီးကျူးလိုသောကြောင့် -
နရာတံဆိပ်၊ လူ့ထိပ်နှစ်စုံ၊ ကာမဘုံကို၊ အုပ်ခြုံစိုးပြီး၊ တန်ခိုးမီးဖြင့်၊ ရောင်ညီးဝင်းဝင်း၊ လေးကျွန်း ချင်းသား၊ သေဠ်နင်းလူတွင်၊ စကြာရှင်နှင့်၊ အသွင်နိုင်းလျက်၊ ခိုင်းကြဘက်၍၊ အထက်နန်းမ၊ ဖွင့်လကလျှင်၊ သာလှတိုင်းကား၊ ရပ်ရှစ်ပါးမှ၊ ဝန်းလျားပြည်ထောင်၊ မင်းကုန်အောင်တို့၊ အာခေါင်ရိုညွှတ်၊ ပူဇော်လတ်သော်၊ အထွတ်ရွှေဘုန်း၊ နတ်နှင့်နှိုင်းသည်၊ ပွင့်တုန်းရှေးကျိုး သမ္ဘာတည်း။
စသည်ဖြင့် စကြာမင်းနှင့်နှိုင်းနှုန်း ဖွဲ့ဆိုထားသည်။ ဤမော်ကွန်းမှာ ခရီးသွားနေ့စဉ် မှတ်တမ်းကဲ့သို့လည်း ပြညွှန်ပေသည်။ မည်သည့်နေရာသို့ မည်မျှခရီးသွားရကြောင်း၊မည်သည့် နေရာတွင် မည်သည့်ကောင်းမှုတော်များကို ပြုခဲ့ကြောင်း  စသည်ဖြင့် မှတ်တမ်းများကိုလည်း ဖွဲ့ဆိုသေး၏။ ပြည်စုန်မင်း ဆိုက်ရောက်သော ခရီးစဉ်ကို အလစ်အဟင်း မရှိအောင် ပြဆိုသည်။ ထို့ပြင်လည်း ဗဟုသုတ ပွားများဖွယ်ရာဖြစ်အောင် လှေတော်၊ သမ္ဗန်၊ ကူရွပ်များအကြောင်းနှင့် စစ်ဆင်စစ်တက် ခန့်ခွဲပုံများကို ပြဆိုထားသည်မှာ ရှင်ထွေးညိုအား အထူးချီးမွမ်းဖွယ်ရာ ဖြစ်တော့၏။ ရှင်ထွေးညိုသည် ပြည်စုန်မော်ကွန်း တစ်ခုတည်းဖြင့် ကျော်စောသူ မဟုတ်။ ဆင်တော် မော်ကွန်းကိုလည်း ဦးစွာပထမ စတင်စပ်ဆိုသူဖြစ်၏။ ထိုမော်ကွန်းကား ရွှေစာတိုင် မည်သောဆင်ကို ဖွဲ့ဆိုသည်ဖြစ်၍ ရွှေစာတိုင်ဆင်တော်မော်ကွန်း ဟုတွင်၏။ ရွှေစာတိုင်ဆင်တော်မော်ကွန်းကို စာဆိုသူသည် သက္ကရာဇ် ၈၇၂ ခုနှစ် အဝ ဘုရင်ရွှေနန်းကြော့ရှင် လက်ထက်တွင် စပ်ဆိုသည်။ စာဆိုသည် ပြည်စုန်မော်ကွန်းမှာကဲ့သို့ ရွှေစာတိုင်မော်ကွန်း တွင်လည်း ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို ချီးကျူးလို၍ -
နွယ်ဆက်ဘေးလောင်း၊ မြစ်တော်ဟောင်းထက်၊ ရင့်ညောင်းမင်္ဂလာ၊ ပွားတက်ရာကို၊ ဗြဟ္မာနှစ်ယောက်၊ ဘိသိက်မြှောက်၍၊ ထွန်းတောက်ဥကင်၊ လှစ်ထွန်းရှင်သည်၊ မငင်ကျည်းလျှို၊ အလိုလိုလျှင်၊ မြင်းမိုရ်ထိပ်ဖျား၊ သိကြားနေတန်၊ ဝေဇယန်လည်း၊ မလွန်လှည့်ယောင်၊ ဆယ်ရပ်ပြောင်မျှ၊ ဝင်းရောင်မောက်မောက်၊ ရွှေတိုင်ဆောက်သို့၊ တောင်မြောက် ကြေညာ၊ ဆယ်မျက်နှာလည်း၊ အာဏာလျှံဘိ၊ ဘုန်းတော်ညို၍၊ နရပတိ၊ မည်ရှိသမိုက်၊ ခံတန်ထိုက်သည်။ ။ အုပ်ပိုက် ဇမ္ဗူကျွန်းခေါင်တည်း။
စသည်ဖြင့် အလွန်အကြူးစပ်ဆိုထားရာ၌ မိမိအရှင်သခင်၏ ဘုန်းတော်ကိုခိုလှုံ၍ ဖွဲ့ဆိုအပ်သည် ဖြစ်သောကြောင့် ရှင်ထွေးညိုကိုလည်း အပြစ်မဆိုသာ။ ရွှေစာတိုင်ဆင်တော်မော်ကွန်းကို ဖွဲ့ဆိုရာ၌ ရှင်ထွေးညိုသည် ငယ်ရွယ်စဉ်ကဖွဲ့ဆိုအပ်သော ပြည်စုန်မော်ကွန်း၏ အဆင့်အတန်းကိုမမီချေ။ ဆင်တော်မော်ကွန်းမှာ စကားဖွဲ့ဆိုပုံ ခမ်းနားသည်မှတစ်ပါး အခြားချီးမွမ်းဖွယ်ရာ အချက်မရှိ။ ပြည်စုန်မော်ကွန်းကား ဆင်တော်မော်ကွန်းထက် ရှင်းလင်းပြတ်သား၍ စကားလုံးပြောင်၏။ ဆိုလိုရင်း အချက်များလည်း ကွက်ကွက်ကွင်းကွင်း ပေါ်၏။ ဤသို့ ဖွဲ့နွဲ့ပုံ ကွာခြားရခြင်း အကြောင်းကား ပြည်စုန်မော်ကွန်းကို ရေးစဉ်၌ စာဆိုသူသည် မိမိ သေချာစွာ သိရှိရသော အကြောင်း၊ မိမိဝါသနာပါသော စစ်ပွဲများအကြောင်းနှင့် ပတ်သက်ရေးရ၍ ကဗျာ အာဘော် ကွန့်မြူးနိုင်သလောက် ကွန့်မြူးခဲ့၏။ ဆင်တော်မော်ကွန်းကိုကား အသက်အရွယ် ကြီးရင့်မှ ရေးရသည် ဖြစ်သော်ကြောင့် ကဗျာအဆင့်အတန်း ပိုမိုကောင်းမွန် သင့်ပါသော်လည်း မိမိ ကိုယ်တိုင် ထိထိရောက်ရောက် ကျွမ်းကျင်သော အကြောင်းအရာများကို ဖွဲ့နွဲ့စီကုံးရခြင်းမဟုတ်။ စိတ်ကူးစိတ်သန်းဖြင့် မှန်းဆထင်မြင်ကာ ဖွဲ့နွဲ့စီကုံးရသည်ဖြစ်ရကား ဆင်တော်မော်ကွန်းသည် ငယ်ငယ်က ရေးခဲ့သော ပြည်စုန် မော်ကွန်း၏ အခြေအနေကို မမီနိုင်ခြင်း ဖြစ်တန်သည်။

မော်ကွန်း

သက္ကရာဇ် ၈၃ဝ-၈၄၂ ခုနှစ် အဝ ရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသော မဟာသီဟသူရ လက်ထက်တွင် ပေါ်ပေါက်ထွန်းကားသည်။ သက္ကရာဇ် ၈၃၄ခုနှစ်တွင် မဟာသီဟသူရသည် ညီတော် ပြည်မြို့စား မင်းကြီးစွာနှင့် သာယာဝတီစား ဦးရီးတော်ကျော်စွာတို့ ဖောက်ပြန်ရိုင်းပျ ခြားနားကြသည်ကို နှိမ်နင်းရန် စကြာရွှေဖောင်တော်ဖြင့် ပြည်မြို့သို့ စုန်ဆင်း နှိပ်ကွပ်တော် မူရာတွင် ဖြစ်ပျက် တွေ့ကြုံရသော အကြောင်းအရာများကို ဖွဲ့နွဲ့စပ်ဆိုထားခြင်းကြောင့် ထိုမော်ကွန်းမှာ ပြည်စုန်မော်ကွန်း ဟူ၍ အမည်တွင်သည်။

ဧချင်း ဟူသော ဝေါဟာရ

ဧချင်း ဟူသည်မှာ မင်းသမီး၊ မင်းသားငယ်များအား ဧယင်တော် မင်္ဂလာဆင်ယင် ကျင်းပသည့် အခါများတွင် ပုခက်တွင်း၌သိပ်၍ ပုခက်ကိုလွှဲရင်း သီဆိုကျူးရင့် ချော့မော့ရသော ကဗျာဖြစ်၍ ဂီတသဘောမျိုးတွင် သက်ဝင်သော သီချင်းပင်ဖြစ်သည်။ ဂီတသီချင်းများသည် အင်းဝခေတ်တွင်မှ ပေါ်ပေါက်လာသည် မဟုတ်။ ရှေးပုဂံခေတ်ကပင်စ၍ ပေါ်ပေါက်လျက်ရှိသည်မှာ ယုံမှားဖွယ် မရှိ။ အဘယ်ကြောင့်ဟူမူရှေးဟောင်း ကျောက်စာများတွင် သီချင်းစာကိုယ်ကို မတွေ့ရငြားသော်လည်း သီချင်းသည်၊ ကချေသည်၊ စည်ကြီး ပန်တျာ ခွက်ခွင်းသည် စသော ဂီတနှင့်ပတ်သက်သည့် အသုံးအနှုန်း ဝေါဟာရများကို တွေ့ရှိရပေးသည်။ ဂီတ၊ သီချင်းတို့ မည်သည်မှာ စိတ်ရွှင်လန်း ဝမ်းမြောက်သည့်အခါများ၌ ဝမ်းတွင်းမှာ လှိုက်လှိုက်လှဲလှဲဖြစ်လာ၍ မျိုသိပ် အောင့်အည်း မထားနိုင်တော့ဘဲ ပါးစပ်မှ ထိုးဖောက်ထွက်လာရသော ကမ္ဘာ့နိယာမအသံပင်ဖြစ်၏။ ထို့ ကြောင့် ဤသီချင်း၊ ဂီတတို့သည် လူမှုဂီတ၊ သာသနာကိစ္စ၊ အိမ်တွင်းမှု ကိစ္စအများတို့တွင် လူတို့ နှလုံးရွှင်ပြုံး ပျော်မြူးကြစဉ် အလိုအလျောက် ဝမ်းတွင်းမှ ပေါ်ထွက်လာကြသော အသံ ဖြစ်ခြင်း ကြောင့် ဂီတသီချင်းတို့ မည်သည်မှာ လူရိုင်းတို့၌ဖြစ်စေ၊ လူယဉ်တို့၌ဖြစ်စေ လူမျိုးအလိုက် ရှိနေကြကြောင်းကို ချင့်ချိန်တွေးဆ ရာသည်။ ထိုကြောင့် သက္ကရာဇ် ၇ဝ၄-၇၁၃ ငါးစီးရှင်ကျော်စွာ လက်ထက်တွင် ကာချင်းဟူ၍ ခေါ်သော ဂီတသီချင်းများ ပေါ်ပေါက်လာကြောင်း ဖော်ပြခဲ့ပေပြီ။ ထိုကာချင်းများသည် ကာ ကရာတွင် ရွှင်မြူးသည့်စိတ်ဖြင့် သီဆိုကြသော သီချင်းများဖြစ်ကြ၏။ ရဲရင့်ခြင်း ဝီရ ရသဖြင့် ပြည့်စုံသောသီချင်းများဖြစ်ကြ၍ စစ်သည်တော် များကိုလည်း ရဲစိတ်ရဲမာန် သွတ်သွင်းပေးသောအားဖြင့် နှစ်ဖက်နှစ်လမ်း အကျိုးဖြစ်ထွန်းစေသော ဂီတသီချင်းမျိုးဖြစ်သည်။ ဧချင်းကဗျာသည်လည်း ဇာတိသွေး ဇာတိမာန် ရဲသွေးတို့ကို ကာချင်းများကဲ့သို့ပင် တက်ကြွ စေ၏။ သို့သော် ကာချင်းများကဲ့သို့ ရဲရည်ရဲသွေးများကို အပြေးအလွှား အကြမ်းအတမ်း လှုံ့ဆော် ပေးသည့် သဘောမျိုး ပါဝင်သော သီချင်းမျိုးမဟုတ်။ ဧကာရ န္တ နှင့် အစချီ၍ ဧကာရ န္တ အဆုံးသတ်ကာ ကြားရသူတို့ အလွန်သာယာ နာပျော်ဖွယ်ဖြစ်အောင် ဇာတိသွေး ဇာတိမာန်ကို တစ်မျိုး တစ်နည်းအားဖြင့် မြှင့်ပေးသည်။ သို့ဖြစ်ရကား သီချင်း၊ ကာချင်း၊ ဧချင်းတို့သည် တစ်ခုနှင့်တစ်ခု သဘောအားဖြင့် ဆက်နွှယ်လျက် ရှိကြ၏။ ဧချင်းကို  အိပ်မွေ့ချ ကလေးချော့ သီချင်း ဟူ၍လည်း ဆိုနိုင်သည်။ ဧကာရန္တနှင့်  အဘယ်ကြောင့် အစချီအဆုံးသတ်ရပါသနည်း ဟူမူ ဧကာရ န္တ မှာရွတ်ဆိုရာတွင် လွန်စွာချိုသာသောအသံ ဖြစ်သည်။ ဧကာရ န္တကို ကလေးချော့ရာ၌ အသုံးပြုသည်မှာ မင်းသမီး၊ မင်းသားများသာမဟုတ်။ ဆင်းရဲသူ ဆင်းရဲသား များပင် အသုံးပြုကြ၏။ ဆင်းရဲသားများ ကလေးချော့ရာ၌လည်း ဧ…..ဧ….. ဟူသော ကာရန်ဖြင့် ကလေးချော့ကြသောကြောင့်ဖြစ်၏။
 ဥပမာပြရမည်ဆိုသော် “ ဧ….ဧ….လူကလေးရဲ့အိပ်ပါဆို….ခိုဖမ်းလို့ပေး၊ ခိုဖြူ ခိုပြာနက်ကယ်နှင့် ဖမ်း ခက်လှသေး….’’ ဟူရာ၌ ဧနှင့်စ၍ ဧကာရ န္တ နှင့်ပင်အဆုံးချသည်။ ဧချင်းဆရာတို့သည် ဧချင်းကဗျာတွင် လူတို့၏စိတ်ကို လှုံ့ဆော်ပေးခဲ့လေသည်။ ထိုဧချင်း၏ လှုံ့ဆော်ပေးခြင်းကြောင့် မင်းသား၊မင်းသမီးတို့မှာ ဇာတိမာန် တဖွားဖွား တက်ကြွပြီးလျှင် မိမိတို့တိုင်းပြည်ကို ချစ်ကြရ တော့သည်။ အမျိုးကို ခင်ကြရတော့သည်။ ထို့ကြောင့် လူမျိုးခြားလက်အောက်သို့ မကြာခဏ သက်ဆင်းခြင်းခံရသော မြန်မာပြည်ကြီးကိုလည်း အကြိမ်ပေါင်းများစွာ ကယ်ဆယ်နိုင်ခဲ့ကြလေပြီ။ ထိုပြင် ဧချင်းအဖွဲ့၏ အကျိုးထူးတစ်ရပ်ကား ဧချင်းသည် ရာဇဝံသဉာဏ်ကို ပေးသည်။ ရာဇဝင်ကြောင်းကို ရေးသားဖော်ပြသဖြင့် ရာဇဝင်မပေါ်ပေါက်သေးသောခေတ်တွင် ဧချင်းကို အားကိုးအားထား ပြုကြရသည်။ နောက်နောင်တွင် ရာဇဝင်ဆရာတို့သည် ဧချင်းစာကိုယ်များမှ
ရာဇဝင် အထောက်အထားများ ရကြသည်။ ထိုကြောင့်ဧချင်းကား အဖိုးတန်လှပေသည်။

ရှင်သူရဲ၏ စစ်ချီရတုများတွင်


မြေသင်းသြဇာ၊ မွှေးနံ့သာတိ၊ ရံကာမကင်း၊ လေညင်းပျံ့ချို၊ နေညိုညိုငယ်၊ ဆွေညိုသူရဲ၊ မြခဲနှိုင်းရည်၊ နောင်စစ်သည်ကြောင့်၊ မျက်ရည်ရှုမူး၊ ပျံ့ပျူးညှိုးရော်၊ လာနိုးမျှော်၍၊ ချစ်ဘော်ကွဲပြား၊ မပြားငှက်သွင်၊ ဆွတ် ဆွတ်ကြင်မျှ၊ ရက်ပင်လများ၊ မြင့်ရှည်လျားသော်၊ ပျော်ပါးမဲ့ဆုံး၊ ကြာသို့ ရုံးသည်၊  ၊ နှလုံးအူသည်း နောင်သို့ စည်း။
စသည်ဖြင့် ရိုးရိုးနှင့်ယဉ်အောင် ဖွဲ့နွဲ့စပ်ဆိုနိုင်ပေသည်။

ထို့ပြင်လည်း အဖွဲ့အနွဲ့တွင် မိမိအမည်ရင်းကို ဖော်ပြ၍ ပထမဆုံးစပ်သူဖြစ်သည်။ သခင်ထွေး၏ ဧချင်းတွင်ကား -
ဘိုးဘေးမိဘ၊ သမ္မတက၊ အစအရင်း၊ ရှစ်သောင်းမင်း၏၊ အချင်းအတ၊ ပြည်ထောင်စကို၊ ချီချသာမော၊
ကျူးရင့်ပြောအံ့

ဟူ၍ ပဋိဥာဉ် ပြုထားပါသော်လည်း ဖွဲ့စပ်ရာ၌ သခင်ထွေးမင်းသမီးကလေး၏ အရင်းအချာ ဆွေတော် မျိုးတော်များလောက်ကိုသာ ဖွဲ့ဆိုသည်။ စာအဖွဲ့နွဲ့မှာ ရခိုင်မင်းသမီးဧချင်းထက် အနည်းငယ် စုံလင်သည်။ ဧချင်း စာကိုယ်တွင် ဘိုးတော်ဘေးတော်တို့ စစ်တိုက်ခိုက်ကြပုံ၊ ရန်အပေါင်းတို့ကို အောင်မြင်ကြပုံ၊ အခွန်ဘဏ္ဏာလက်ဆောင်များ ရရှိကြပုံတို့ကို ဖော်ပြခြင်းအားဖြင့် ဘုန်းတော်ကို ဖွဲ့ဆိုသည်။
တကဲတကဲ၊ ရှင့်ဘရဲ၍၊ ခြိမ်းမဲရိုက်ကြိုး၊ လက်ရုံးမိုးက၊ သတိုးသတိုး၊ ကြောက်စိုးရွံ့စို၊ ကျွန်းလုံးပြိုလျက်၊ အိုအိုလန့်ဖျပ်၊ ရင်တီးသပ်၍၊ ရန်စပ်ပြည်ထောင်၊ ကုန်အောင်သသူ၊ ဟူလင့်ဝှန်တက်၊ ကျိုက်ကျိုက်ပွက်မျှ၊ ထိုးဘက်တကာ၊ ကိုးကွယ်ရာလျှင်၊ ကြေညာအလှစ်၊ ခုံကြီးဖြစ်၏။ စင်စစ်အကယ်၊ မယုံဘွယ်တည့်၊ တောဝယ်မကျန်၊ တိရစ္ဆာန်ကျေးငှက်၊ အမိုက် လျက်တည့်၊ တက်သက်မြူုးခုန်၊ တောင်ဟုတ်ခတ်ဖြိုး၊ ရင့်ရူကြိုးလျက်၊ သာနိုးသာဝှန်၊ သတိုးကျွန်ဟု၊ တွန်တံသတတ်
အစရှိသည်ဖြင့် သတိုးကျော်၏ ဘုန်းတန်ခိုးတော် ထွန်းတောက်ပုံ၊ ငှက်တိရစ္တာန် များက ပင်လျှင် သတိုးကျွန်ဟူ၍ တွန်မြည်ပုံများကို ပြဆိုရာ၌ ရှင်သူရဲ၏ စိတ်ကူးကောင်းကြောင်းကို သိရှိရပေ၏။ ရှင်သူရဲ၏ ဧချင်းသည် ရခိုင်မင်းသမီး ဧချင်းထက် အနှစ်၂ဝနီးပါး လောက် နောက်ကျသည် ဖြစ်သော် လည်း ရှင်သူရဲသည် ရခိုင်မင်းသမီး ဧချင်းမှ အတုယူကာ စပ်ဆိုဖွဲ့နွဲ့သည်ဟူ၍ မစွပ်စွဲနိုင်ပေ။ ဧချင်း နှစ်စောင်ကို ယှဉ်ကြည့်သော် ဖွဲ့နွဲ့ပုံမှာ တစ်မျိုးစီဖြစ်ကြောင်း တွေ့ရှိရပေလိမ့်မည်။ အကယ်၍ ရှင်သူရဲသည် ရခိုင်မင်းသမီး ဧချင်းမှ အတုယူသည်ဖြစ်အံ့။ အကြံတူ နောက်လူကောင်းမြဲ ဟူသည့် အတိုင်း နောက်လူ ရှင်သူရဲ၏ စာများက စာသားအဖွဲ့အနွဲ့၊ အစီအစဉ်မှစ၍ ရခိုင်မင်းသမီးဧချင်းထက် သာလွန်ကောင်းမွန်ဖွယ်ရာ ရှိ၏။ ယခုမှာကား ထိုသို့မဟုတ်မူ၍ ရှင်သူရဲ၏ စာများတွင် စိတ်ကူး စိတ်သန်းကောင်းခြင်းမှတစ်ပါး ဖွဲ့နွဲ့ပုံ ဗန္ဓစကား အထားအသိုအစီအစဉ်တို့မှာ ရခိုင်မင်းသမီးဧချင်း ကို မမီပေ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း ဟုမူ ရခိုင်အမတ်ကြီး အဒူမင်းညိုသည် နန်းတွင်း၌ ကြီးပြင်းသူလည်း ဖြစ်၍ နန်းတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ခစားထမ်းရွက်ခြင်းဖြင့် အသက်မွေးရသူ ဖြစ်သောကြောင့် ကြမ်းကြမ်းတမ်းတမ်း စစ်အမှုထမ်းအလုပ်ဖြင့် အသက်မွေးရသော  ရှင်သူရဲ ထက် ဇာတိအားဖြင့် ပိုမိုယဉ်ကျေးသိမ်မွေ့သူ ဖြစ်ကြောင်းကား ယုံမှားဖွယ်ရာမရှိ။ ထိုသို့ သိမ်မွေ့သူသည် စာပေ အဖွဲ့အနွဲ့တွင်လည်း ဇာတိ အလုပ်အကိုင်ကိုလိုက်၍ သိမ်မွေ့နူးညံ့မည်ပင် ဖြစ်၏။ ရှင်သူရဲမှာကား ကြမ်းတမ်း ခက်ထရောရှိသော အလုပ်ဖြင့် အသက်မွေးရသူ ဖြစ်သောကြောင့် ပညတ်သွားရာ - ဓါတ်သက်ပါ ဟူဘိသို့ ကိုယ်အနေအထိုင်၊ အပြောအဆိုမှစ၍ ရိုးတိုးရိုင်းတိုင်း ကြမ်းကြမ်းတမ်းတမ်းကြီးပင် ဖြစ်တန်ရာသည်။ ထို့အတူ ရှင်သူရဲသည်လည်း စစ်အကြောင်းနှင့် ပတ်သက်သည့် ကြမ်းကြမ်းတမ်းတမ်း အဖွဲ့များတွင် အဒူမင်းညိုထက် သာ၍ မင်းခမ်းမင်းနား ဖွဲ့များတွင် အဒူမင်းညိုကို မမှီချေ။ သို့သော်ရှင်သူရဲက စိတ်ကူးသာ ကြောင်းကား ထင်ရှားပေ၏။ဒ သခင်ထွေး ဧချင်းတွင် သခင်ထွေး၏ ဇာတာ၊ စန်းလက်၊ ဂြိုလ်နေဂြိုလ်ထားများကိုလည်း ဖော်ပြသဖြင့် ပိုမိုပြည့်စုံသည်ဟု ဆိုရပေမည်။