Tuesday, August 6, 2013

ရှင်ထွေးညို

ထိုပြည်စုန်မော်ကွန်းကို သက္ကရာဇ် ၈၃၄ခုနှစ်တွင် စစ်လျင်ထောင်မှူး ရှင်ထွေးညိုအမည်ရှိသော စာဆိုတော်က ဖွဲ့ဆိုခဲ့သည်။ ထိုစာဆိုတော်သည် အဝဘုရင် နရပတိကြီး ၈ဝ၄-၈၃ဝ လက်ထက်မှစ၍ ရွှေနန်းကြော့ရှင် နရပတိ ၈၆၃-၈၈၈ လက်ထက်တော်တိုင် စစ်သူရဲ တစ်ထောင်ပေါ်တွင် အုပ်ချုပ်ရသော ဗိုလ်မှူးကလေးဖြစ်သည်။ (စစ်လျင်ဟူသော စကားမှာ စစ်တပ်မတော်ကြီး၏ ရှေ့တော်မှ အဦးဆုံးထွက်ခွာသွားရသော ကင်းစမ်း စစ်တပ်မတော် ဖြစ်သည်။) ရှင်ထွေးညိုသည် ပြည်စုန်မင်းကြီးနှင့်အတူ ညီတော်မင်းကြီးစွာကို နှိမ်နင်းရာသို့ လိုက်ပါသွားပြီးလျှင် အပြန်တွင် ဤမော်ကွန်းကိုရေးသားသည်။ ဤမော်ကွန်းမှာ မော်ကွန်း မည်ကာမဟုတ်။ ရေလားအဖွဲ့ သဘောမျိုးအပါအဝင် ဖြစ်သည်။
နောက်နောင် ပေါ်ပေါက် လတ္တံ့သော ရေလားအဖွဲ့များ၏ ရှေ့တော်ပြေးလည်းဖြစ်သည်။ ဤမော်ကွန်းတွင် လိုရင်းအချက်ထက် မပိုလွန်စေဘဲ တိုတိုတုတ်တုတ်နှင့် ပေါ်လွင်ထင်ရှားအောင် ဖွဲ့ဆိုထားသည်။ ဖွဲ့နွဲ့ပုံမှာ လွန်စွာရှင်းလင်းပြတ်သားသည်။ ရာဇဝင် ဗဟုသုတကိုလည်း များစွာ ပေးပေသည်။ ဦးကုလားရာဇဝင်၊မဟာရာဇဝင်ကြီးတို့ကပင် ဤမော်ကွန်း လာ ရာဇဝင်ကြောင်းကို အထောက်အထားပြု၍ ကူးယူကြရကုန်၏။ ပုံစံပြရမည်ဆိုသော် ပြည်စုန် မော်ကွန်း စာပိုဒ်၄၂ တွင်-
    ပြည်ဆိပ်တူရူ၊ သဲကမ်းဖြူထက်၊ ထပ်တူတည်လျှင်၊ အိမ်ရှေ့မင်းနှင့်၊ ရန်တင်းရှာရှာ၊ နော်ရထာလျှင်၊     တောင်တာခံခံ၊ ရေကြောင်းရံ၍၊ ရဲစံကိုးကိုး၊ မင်းမျိုးမင်းဆွေ၊ တည်လေကြည်ဘက်၊  နိုင်ချင်ကြက်သို့၊     အဘက်သင့်စွာ၊ မတ်ရာတလိုက်၊ ရှမ်းပိုက်ရိုင်းရိုင်း၊ နဝင်းခိုင်းလျက်။
စသည်ဖြင့် ဖွဲ့နွဲ့ထားရာ ရာဇဝင်ဆရာများက -
မြို့တော်ကို လုပ်ကြံတော်မူမည် ခန့်ထားသော မူသည်ကား သားတော်အိမ်ရှေ့မင်း၊ သားတော် နော်ရထာတို့ကို တောင်ရှည်ကရေကြောင်း၊ ရံစေတော်မူ၏။ ရှမ်းတို့ကို နဝင်းက ရံစေတော်မူ၏။ အမှူးအမတ် အပေါင်းကား ပြည်မြို့ကို ပိတ်မိအောင် ရံစေပြီးလျှင်
ဟူ၍ ကူးယူထားသည်ကို တွေ့ရသည်။ ရှင်ထွေးညိုသည် ဧချင်းဆရာများ ကဲ့သို့ပင် မိမိ၏ မော်ကွန်း၌ မိမိ အရှင်သခင် ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို မြှောက်ချီ ချီးကျူးလိုသောကြောင့် -
နရာတံဆိပ်၊ လူ့ထိပ်နှစ်စုံ၊ ကာမဘုံကို၊ အုပ်ခြုံစိုးပြီး၊ တန်ခိုးမီးဖြင့်၊ ရောင်ညီးဝင်းဝင်း၊ လေးကျွန်း ချင်းသား၊ သေဠ်နင်းလူတွင်၊ စကြာရှင်နှင့်၊ အသွင်နိုင်းလျက်၊ ခိုင်းကြဘက်၍၊ အထက်နန်းမ၊ ဖွင့်လကလျှင်၊ သာလှတိုင်းကား၊ ရပ်ရှစ်ပါးမှ၊ ဝန်းလျားပြည်ထောင်၊ မင်းကုန်အောင်တို့၊ အာခေါင်ရိုညွှတ်၊ ပူဇော်လတ်သော်၊ အထွတ်ရွှေဘုန်း၊ နတ်နှင့်နှိုင်းသည်၊ ပွင့်တုန်းရှေးကျိုး သမ္ဘာတည်း။
စသည်ဖြင့် စကြာမင်းနှင့်နှိုင်းနှုန်း ဖွဲ့ဆိုထားသည်။ ဤမော်ကွန်းမှာ ခရီးသွားနေ့စဉ် မှတ်တမ်းကဲ့သို့လည်း ပြညွှန်ပေသည်။ မည်သည့်နေရာသို့ မည်မျှခရီးသွားရကြောင်း၊မည်သည့် နေရာတွင် မည်သည့်ကောင်းမှုတော်များကို ပြုခဲ့ကြောင်း  စသည်ဖြင့် မှတ်တမ်းများကိုလည်း ဖွဲ့ဆိုသေး၏။ ပြည်စုန်မင်း ဆိုက်ရောက်သော ခရီးစဉ်ကို အလစ်အဟင်း မရှိအောင် ပြဆိုသည်။ ထို့ပြင်လည်း ဗဟုသုတ ပွားများဖွယ်ရာဖြစ်အောင် လှေတော်၊ သမ္ဗန်၊ ကူရွပ်များအကြောင်းနှင့် စစ်ဆင်စစ်တက် ခန့်ခွဲပုံများကို ပြဆိုထားသည်မှာ ရှင်ထွေးညိုအား အထူးချီးမွမ်းဖွယ်ရာ ဖြစ်တော့၏။ ရှင်ထွေးညိုသည် ပြည်စုန်မော်ကွန်း တစ်ခုတည်းဖြင့် ကျော်စောသူ မဟုတ်။ ဆင်တော် မော်ကွန်းကိုလည်း ဦးစွာပထမ စတင်စပ်ဆိုသူဖြစ်၏။ ထိုမော်ကွန်းကား ရွှေစာတိုင် မည်သောဆင်ကို ဖွဲ့ဆိုသည်ဖြစ်၍ ရွှေစာတိုင်ဆင်တော်မော်ကွန်း ဟုတွင်၏။ ရွှေစာတိုင်ဆင်တော်မော်ကွန်းကို စာဆိုသူသည် သက္ကရာဇ် ၈၇၂ ခုနှစ် အဝ ဘုရင်ရွှေနန်းကြော့ရှင် လက်ထက်တွင် စပ်ဆိုသည်။ စာဆိုသည် ပြည်စုန်မော်ကွန်းမှာကဲ့သို့ ရွှေစာတိုင်မော်ကွန်း တွင်လည်း ဘုရင်မင်းမြတ်၏ ဘုန်းတော်ကို ချီးကျူးလို၍ -
နွယ်ဆက်ဘေးလောင်း၊ မြစ်တော်ဟောင်းထက်၊ ရင့်ညောင်းမင်္ဂလာ၊ ပွားတက်ရာကို၊ ဗြဟ္မာနှစ်ယောက်၊ ဘိသိက်မြှောက်၍၊ ထွန်းတောက်ဥကင်၊ လှစ်ထွန်းရှင်သည်၊ မငင်ကျည်းလျှို၊ အလိုလိုလျှင်၊ မြင်းမိုရ်ထိပ်ဖျား၊ သိကြားနေတန်၊ ဝေဇယန်လည်း၊ မလွန်လှည့်ယောင်၊ ဆယ်ရပ်ပြောင်မျှ၊ ဝင်းရောင်မောက်မောက်၊ ရွှေတိုင်ဆောက်သို့၊ တောင်မြောက် ကြေညာ၊ ဆယ်မျက်နှာလည်း၊ အာဏာလျှံဘိ၊ ဘုန်းတော်ညို၍၊ နရပတိ၊ မည်ရှိသမိုက်၊ ခံတန်ထိုက်သည်။ ။ အုပ်ပိုက် ဇမ္ဗူကျွန်းခေါင်တည်း။
စသည်ဖြင့် အလွန်အကြူးစပ်ဆိုထားရာ၌ မိမိအရှင်သခင်၏ ဘုန်းတော်ကိုခိုလှုံ၍ ဖွဲ့ဆိုအပ်သည် ဖြစ်သောကြောင့် ရှင်ထွေးညိုကိုလည်း အပြစ်မဆိုသာ။ ရွှေစာတိုင်ဆင်တော်မော်ကွန်းကို ဖွဲ့ဆိုရာ၌ ရှင်ထွေးညိုသည် ငယ်ရွယ်စဉ်ကဖွဲ့ဆိုအပ်သော ပြည်စုန်မော်ကွန်း၏ အဆင့်အတန်းကိုမမီချေ။ ဆင်တော်မော်ကွန်းမှာ စကားဖွဲ့ဆိုပုံ ခမ်းနားသည်မှတစ်ပါး အခြားချီးမွမ်းဖွယ်ရာ အချက်မရှိ။ ပြည်စုန်မော်ကွန်းကား ဆင်တော်မော်ကွန်းထက် ရှင်းလင်းပြတ်သား၍ စကားလုံးပြောင်၏။ ဆိုလိုရင်း အချက်များလည်း ကွက်ကွက်ကွင်းကွင်း ပေါ်၏။ ဤသို့ ဖွဲ့နွဲ့ပုံ ကွာခြားရခြင်း အကြောင်းကား ပြည်စုန်မော်ကွန်းကို ရေးစဉ်၌ စာဆိုသူသည် မိမိ သေချာစွာ သိရှိရသော အကြောင်း၊ မိမိဝါသနာပါသော စစ်ပွဲများအကြောင်းနှင့် ပတ်သက်ရေးရ၍ ကဗျာ အာဘော် ကွန့်မြူးနိုင်သလောက် ကွန့်မြူးခဲ့၏။ ဆင်တော်မော်ကွန်းကိုကား အသက်အရွယ် ကြီးရင့်မှ ရေးရသည် ဖြစ်သော်ကြောင့် ကဗျာအဆင့်အတန်း ပိုမိုကောင်းမွန် သင့်ပါသော်လည်း မိမိ ကိုယ်တိုင် ထိထိရောက်ရောက် ကျွမ်းကျင်သော အကြောင်းအရာများကို ဖွဲ့နွဲ့စီကုံးရခြင်းမဟုတ်။ စိတ်ကူးစိတ်သန်းဖြင့် မှန်းဆထင်မြင်ကာ ဖွဲ့နွဲ့စီကုံးရသည်ဖြစ်ရကား ဆင်တော်မော်ကွန်းသည် ငယ်ငယ်က ရေးခဲ့သော ပြည်စုန် မော်ကွန်း၏ အခြေအနေကို မမီနိုင်ခြင်း ဖြစ်တန်သည်။